- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
တရုတ်တို့ ဒုံးလက်နက်စမ်းသပ်မှုတွင် အမေရိကန်လေယာဉ်တင်သင်္ဘော ပုံစံတူပစ်မှတ်ကို အသုံးပြု
တရုတ်စစ်တပ်သည် နိုင်ငံအနောက်ပိုင်း သဲကန္တာရအတွင်း လက်နက်စမ်းသပ် ပစ်ခတ်မှုတစ်ခုတွင် အမေရိကန် လေယာဉ်တင်သင်္ဘော ပုံစံတူကို ပစ်မှတ်အဖြစ်ဖန်တီးကာ ပစ်ခတ်နေကြောင်း ဘလွန်းဘက်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
09 Nov 2021

DMG ၊ နိုဝင်ဘာ ၉
တရုတ်စစ်တပ်သည် နိုင်ငံအနောက်ပိုင်း သဲကန္တာရအတွင်း လက်နက်စမ်းသပ် ပစ်ခတ်မှုတစ်ခုတွင် အမေရိကန် လေယာဉ်တင်သင်္ဘော ပုံစံတူကို ပစ်မှတ်အဖြစ်ဖန်တီးကာ ပစ်ခတ်နေကြောင်း ဘလွန်းဘက်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
တရုတ်ပြည်အနောက်မြောက်ပိုင်း ရှင်ကျန်းပြည်နယ်ရှိ တက်လာမာကန်း သဲကန္တာရတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်က ယခုကဲ့သို့ လေ့ကျင့်နေသည်ကို အမေရိကန်ကုမ္ပဏီတစ်ခုဖြစ်သော မက်ဆာ နည်းပညာကုမ္ပဏီက ဂြိုလ်တုစလောင်းမှ ရိုက်ယူထားသော ဓာတ်ပုံများ၌ တွေ့ရှိရခြင်း ဖြစ်သည်။
စမ်းသပ်ရာနေရာ၌ လေယာဉ်တင်သင်္ဘော ပုံစံတူတစ်ခုနှင့် Arleigh Burke အမျိုးအစား ဒုံးဖျက်သင်္ဘော ပုံစံတူနှစ်ခု တွေ့ရသည်ဟု အမေရိကန် ရေကြောင်းသိပ္ပံ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
အဆိုပါ ယာဉ်အမျိုးအစား နှစ်မျိုးလုံးသည် အမေရိကန်ရေတပ်က ထိုင်ဝမ်ရေပြင် အပါအဝင် အနောက်အပစိဖိတ်တွင် ကင်းလှည့်ရာ၌ အသုံးပြုနေသည့် ရေယာဉ်များဖြစ်သည်။
တရုတ်တို့ စစ်ရေးလေ့ကျင့်ရာ နေရာကို ဂြိုလ်တုစလောင်းမှ သိသာထင်ရှားစွာ မြင်တွေ့နေရခြင်းသည် တရုတ် ဒုံးကျည်တပ်ဖွဲ့၏ စွမ်းဆောင်ရည်ကို အမေရိကန်အား တမင်ပြသလိုသည့် လက္ခဏာဖြစ်ကြောင်း ဘလွန်းဘက်သတင်းတွင် ဖော်ပြသည်။
တရုတ်သည် ပြီးခဲ့သောနှစ် သြဂုတ်လတွင်လည်း လေယာဉ်တင်သင်္ဘော နှိမ်နင်းရေး DF-21D ဒုံးလက်နက်များကို တောင်တရုတ်ပင်လယ်ပြင်အတွင်းသို့ ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။ DF-21D သည် တရုတ်တို့အတွက် အရှေ့ဘက်ကမ်းခြေ၌ အမေရိကန်တို့၏ ရေယာဉ်အုပ်စုကို ရင်ဆိုင်ဖျက်ဆီးရာတွင် အသုံးပြုရန် အဓိကကျသည့် လက်နက်ဖြစ်သည်။
တရုတ်နှင့် အမေရိကန်တို့အကြား ဆက်ဆံရေးသည် ပြီးခဲ့သည့် လများအတွင်း တိတ်တဆိတ်တိုးတက်မှုများ ရှိခဲ့သည်။ သို့သော်လည်း ထိုင်ဝမ်အရေးနှင့် ပတ်သက်လျှင် နှစ်နိုင်ငံကြား ဆက်ဆံရေးမှာ ကတောက်ကဆများ ရှိနေပြီး ဝါရှင်တန်သည်လည်း ဘေကျင်း၏ နျူကလီးယား လက်နက်အင်အားအပေါ် စိုးရိမ်မှုများ ပိုမိုကြီးထွားလာလျက်ရှိသည်။