- ကျောက်ဖြူတွင် လှောင်ပိတ်ခံနေရသည့် ရခိုင်ခရီးသည်များ အကျပ်အတည်းများစွာ ရင်ဆိုင်နေရ
- ထိုင်းနှင့် ကမ္ဘောဒီးယားအကြား လက်နက်ရုပ်သိမ်းပြီး နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် သဘောတူ
- AA ထိန်းချုပ်နယ်မြေတွင် ကျွမ်းကျင်ဆရာဝန် နည်းပါး၍ ကျန်းမာရေးကိစ္စ အခက်အခဲဖြစ်နေ
- ကာတာရှိ ဟားမားစ်ခေါင်းဆောင်များကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်
- မြန်မာနိုင်ငံတွင် ဆိုးဝါးသည့် မြေမြှုပ်မိုင်းအန္တရာယ် ကိုင်တွယ်ရန် အဖြေရှာပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ
မြန်မာ့လျှပ်စစ်ကဏ္ဍကို မြှင့်တင်ရန် ထိုင်းဘတ် ၁.၄၅ ဘီလျံ ချေးမည်
မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍ မြှင့်တင်ရေးအတွက် ဘတ်ငွေ ၁.၄၅ ဘီလျံတန်ဖိုးရှိသော အထူးချေးငွေတစ်ရပ် အကူအညီပေးရန် ထိုင်းအစိုးရက အတည်ပြုလိုက်ပြီဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
16 Jul 2020
မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍ မြှင့်တင်ရေးအတွက် ဘတ်ငွေ ၁.၄၅ ဘီလျံတန်ဖိုးရှိသော အထူးချေးငွေတစ်ရပ် အကူအညီပေးရန် ထိုင်းအစိုးရက အတည်ပြုလိုက်ပြီဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ထိုင်းအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ရာချာဒါး ဒါနာဒီရက် (Rachada Dhnadirek)က ယခုချေးငွေသည် ထိုင်း၏ အိမ်နီးချင်းနိုင်ငံများနှင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်မှု၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသို့ ထုတ်ပေးမည့် ယခုချေးငွေအား စီမံခန့်ခွဲရေးအတွင် အိမ်နီးချင်းနိုင်ငံများ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ကော်ပိုရေးရှင်းအေဂျင်စီ (The Neighbouring Countries Economic Development Cooperation Agency - NCEDC) သည် တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်း ရာချာဒါးက ပြောကြားသည်။
ချေးငွေ ဘတ် ၁.၄၅ ဘီလျံအနက် ၇၂၉.၁၂ သန်းကို ၂၀၂၁-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ ထုတ်ချေးမည်ဖြစ်ကာ ကျန်ငွေကို ပြည်တွင်း ငွေကြေးအဖွဲ့အစည်းများထံမှ ချေးငွေသက်တမ်း ငါးနှစ်ကာလအတွက် ထုတ်ချေးသွားမည်ဖြစ်သည်။ ပြည်တွင်းမှ ထုတ်ချေးမည့် အဖွဲ့အစည်းများအား လေလံစနစ်ဖြင့် ရွေးချယ်သွားမည်ဖြစ်ကြောင်း အစိုးရ၏ တရားဝင်ပြောကြားချက်အရ သိရသည်။
ငွေချေးစာချုပ်တွင် သဘောတူထားသော အချက်အလက်များအရ မြန်မာသည် စွမ်းအင်လုပ်ငန်းများအတွက် အသုံးပြုသော ကုန်ပစ္စည်း ၅၀ ရာခိုင်နှုန်းအား ထိုင်းနိုင်ငံမှ ဝယ်ယူရမည်ဖြစ်သည်။ ချေးငွေဆိုင်ရာ သဘောတူညီချက်များအား ထိုင်းအစိုးရက ချမှတ်ဆောင်ရွက်မည် ဖြစ်သလို မြန်မာနိုင်ငံသည် ထိုင်း ဆောက်လုပ်ရေး ကန်ထရိုက်တာတစ်ဦး နှင့် အကြံပေး အင်ဂျင်နီယာတစ်ဦးတို့နှင့်လည်း စာချုပ်ချုပ်ဆိုရမည်ဖြစ်သည်။
မြန်မာသည် ၎င်းချေးငွေအတွက် အတိုးနှုန်းကို တစ်နှစ်လျှင် ၁.၅ ရာခိုင်နှုန်းဖြင့် ပေးချေရမည်ဖြစ်ကာ ချေးငွေသက်တမ်းမှာ အထူးကာလ ၁၀ နှစ်အပါအဝင် စုစုပေါင်း နှစ် ၃၀ ရရှိမည်ဖြစ်သည်။
ချေးငွေစာချုပ်အရ လုပ်ငန်းများ အကောင်အထည်ဖော်ရာ၌ မြန်မာနိုင်ငံသည် ထိုင်းထံမှ ထက်ဝက်ထက်မနည်းသော ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရမည် ဖြစ်သည်။
ဤသဘောတူညီချက်ကြောင့် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များသည် မြန်မာနိုင်ငံအား ပိုမိုစိတ်ဝင်စားလာကြမည်ဖြစ်ကြောင်းလည်း ရာချာဒါးက ထပ်လောင်းပြောကြားခဲ့သည်။
ထိုင်းနိုင်ငံသည် လက်ရှိအချိန်၌ စင်ကာပူနှင့် တရုတ်ပြီးလျှင် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု တတိယအများဆုံးနိုင်ငံ ဖြစ်သည်။
(ဓာတ်ပုံ - Myanmar Ministry Of Electricity And Energy)