အနောက်အာဖရိကတွင် ကလေးစစ်သားအရေအတွက် အများဆုံးရှိကြောင်း ကုလအစီရင်ခံစာတွင် ဖော်ပြ

ကမ္ဘာပေါ်၌ ကလေးစစ်သားဦးရေ အများဆုံးရှိနေသောနေရာသည် အနောက်အာဖရိကနှင့် အာဖရိကအလယ်ပိုင်း ဒေသများဖြစ်ပြီး ပဋိပက္ခများအကြားမှ ရုန်းမထွက်နိုင်သေးသည့် ထိုနေရာများ၌ ကလေးသူငယ်များသည် လက်နက်ကိုင်တပ်ဖွဲ့များ၏ လူစုဆောင်းခြင်းကို အများဆုံး ခံနေကြရကြောင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့က အင်္ဂါနေ့ထုတ်ပြန်သော အစီရင်ခံစာတစ်စောင်၌ ဖော်ပြထားသည်။

24 Nov 2021

ဓာတ်ပုံ - DW


DMG ၊ နိုဝင်ဘာ ၂၄

ကမ္ဘာပေါ်၌ ကလေးစစ်သားဦးရေ အများဆုံးရှိနေသောနေရာသည် အနောက်အာဖရိကနှင့် အာဖရိကအလယ်ပိုင်း ဒေသများဖြစ်ပြီး ပဋိပက္ခများအကြားမှ ရုန်းမထွက်နိုင်သေးသည့် ထိုနေရာများ၌ ကလေးသူငယ်များသည် လက်နက်ကိုင်တပ်ဖွဲ့များ၏ လူစုဆောင်းခြင်းကို အများဆုံး ခံနေကြရကြောင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့က အင်္ဂါနေ့ထုတ်ပြန်သော အစီရင်ခံစာတစ်စောင်၌ ဖော်ပြထားသည်။

အဆိုပါနေရာများ၌ လိင်အကြမ်းဖက်မှုသည်လည်း အမြင့်ဆုံးအရေအတွက် ရှိနေကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။

၂၀၁၆ ခုနှစ်နောက်ပိုင်းတွင် လိင်အကြမ်းဖက်မှု ရင်ဆိုင်ခဲ့ရသူ ကလေးအရေအတွက်သည်လည်း  ၂၂၀၀ ထက်မနည်း ရှိနေကြောင်း အစီရင်ခံစာအရ သိရသည်။

အဆိုပါဒေသ၌ စွန့်ပစ်ခံရသူ ကလေးအရေအတွက် ၃၅၀၀ ကျော်ရှိပြီး ကမ္ဘာ့ဒုတိယအများဆုံး ကလေးစွန့်ပစ်မှု အရေအတွက်ဖြစ်သည်။

“ဒီအရေအတွက်နဲ့ အဖြစ်အပျက်တွေဟာ လက်ရှိနဲ့အနာဂတ် မျိုးဆက်ကလေးတွေအတွက် အလွန်အမင်း စိုးရိမ်ဖွယ်ရာဖြစ်ပါတယ်” ယူနီဆက်အဖွဲ့၏ အနောက်နှင့်အလယ်ပိုင်း အာဖရိကဒေသ ညွှန်ကြားရေးမှူး မာရီပီယယ်ရာပွိုင်ရီယာက အေပီသတင်းဌာနသို့ ဖြေကြားသည်။

၂၀၀၅ ခုနှစ်မှစတင်၍ ကုလသမဂ္ဂသည် အဆိုပါဒေသတွင် စောင့်ကြည့်မှတ်တမ်းတင်သည့် စနစ်တစ်ခု စတင်ခဲ့သည်။ အဆိုပါစနစ်အရ ကလေးသူငယ်များအပေါ် ပြင်းထန်စွာအကြမ်းဖက်မှု၊ စစ်သားအဖြစ်စုဆောင်းမှု၊ မွေးကင်းစကလေးငယ်များ စွန့်ပစ်မှု၊ မုဒိမ်းမှု၊ စာသင်ကျောင်းနှင့် ဆေးရုံများကို တိုက်ခိုက်မှုများအား စာရင်းကောက်ယူ မှတ်တမ်းတင်ခဲ့သည်။

ကမ္ဘာပေါ်တွင် ဖြစ်ပျက်နေသည့် အကြမ်းဖက်မှုများ၏ လေးပုံတစ်ပုံသည် အနောက်အာဖရိကနှင့် အာဖရိကအလယ်ပိုင်းတွင် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်ကြောင်း ယူနီဆက်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ချက်ဒ်ရေကန်ချိုင့်ဝှမ်းကို ခွလျက်ရှိနေသည့် လေးနိုင်ငံဖြစ်သော ကင်မရွန်း၊ ချက်ဒ်၊ နိုင်ဂျာနှင့် နိုင်ဂျီးရီးယားနိုင်ငံတို့တွင် နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၃ သန်းခန့်ရှိသည်။

ဂျီဟက် လက်နက်ကိုင်သမားများ လူပေါင်းထောင်ချီ သတ်ဖြတ်ခဲ့သည့် ဘာကီနာဖာဆိုတွင်လည်း ယခုနှစ်တွင် ကလေးငယ်များအား စစ်သားအဖြစ်စုဆောင်းမှုသည် ပြီးခဲ့သည့်နှစ်ထက် ငါးဆအထိ မြင့်တက်ခဲ့ကြောင်း မထုတ်ပြန်ရသေးသည့် အစီရင်ခံစာတစ်စောင်အရ သိရသည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။

ဗီဒီယိုများ