- ရခိုင်တွင် အဓမ္မပြုကျင့်ရန်ကြိုးပမ်းမှုတွင် အာမခံဖြင့်လွတ်နေသူကို ပြန်ဖမ်း၊ အာမခံပေးခဲ့သည့် တရားသူကြီး စစ်ဆေးခံရ
- စစ်ကောင်စီပေးသည့် ဂုဏ်ထူးဆောင်ဘွဲ့နှစ်ခုထိ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ရရှိထား
- အင်ဒိုနီးရှားမှာ ကူးတို့သင်္ဘော တိမ်းမှောက်မှုကြောင့် ၄ ဦးသေပြီး ၃၀ ခန့် ပျောက်ဆုံးနေ
- ICG သတိပေးပြီးနောက် ရခိုင်နယ်စပ်တွင် ARSA တိုက်ပွဲပြန်ဖော်လာ
- မြန်မာနိုင်ငံသားများကို လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းကို NUG မေတ္တာရပ်ခံ
ပြည်သူများပြင်းပြသော ဒီမိုကရေစီကို ပိတ်ပင်ဟန့်တားပြီး မြန်မာစစ်တပ်က အာဏာသိမ်းခဲ့ကြောင်း အမေရိကန်ပြော
မြန်မာပြည်သူများ ပြင်းပြသော ဒီမိုကရေစီရည်မှန်းချက်များကို ပိတ်ပင်ဟန့်တားပြီး မြန်မာစစ်တပ်က နိုင်ငံတော် အာဏာကို သိမ်းယူခဲ့ကြောင်း ယနေ့ ဖေဖော်ဝါရီ ၁ ရက် တစ်နှစ်ပြည့် အာဏာသိမ်းယူနေ့တွင် အမေရိကန်က ပြောဆိုလိုက်သည်။
01 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၁
မြန်မာပြည်သူများ ပြင်းပြသော ဒီမိုကရေစီရည်မှန်းချက်များကို ပိတ်ပင်ဟန့်တားပြီး မြန်မာစစ်တပ်က နိုင်ငံတော် အာဏာကို သိမ်းယူခဲ့ကြောင်း ယနေ့ ဖေဖော်ဝါရီ ၁ ရက် တစ်နှစ်ပြည့် အာဏာသိမ်းယူနေ့တွင် အမေရိကန်က ပြောဆိုလိုက်သည်။
ဥရောပသမဂ္ဂကိုယ်စား အဆင့်မြင့်ကိုယ်စားလှယ်နှင့် အဲလ်ဘေးနီးယား၊ သြစတေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေး၊ ကိုရီးယား၊ ဆွစ်ဇာလန်၊ ယူနိုက်တက်ကင်းဒမ်းနှင့်အတူ ပူးတွဲထုတ်ပြန်ချက်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများက ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
မြန်မာစစ်တပ်မှ အာဏာသိမ်းယူလိုက်သည့်အတွက် တစ်နှစ်အကြာတွင် ပြည်သူများ၏ ပြင်းထန်ဆိုးဝါးသည့် အကျိုးဆက်မှာ ရှင်းလင်းပြတ်သားလှကြောင်း ပြောဆိုထားသည်။
ပြည်သူ ၁၄ သန်းကျော် လူသားချင်းစာနာထောက်ထားမှုအကူအညီများလိုအပ်နေပြီး စီးပွားရေးမှာလည်း ကပ်ဆိုးကာလအတွင်းသို့ ရောက်လျက်ရှိကြောင်း၊ ဒီမိုကရေစီစနစ်၏ ရလဒ်ကောင်းများ ကပြောင်းကပြန်ဖြစ်ကာ နိုင်ငံတစ်ဝန်းတွင်လည်း ပဋိပက္ခများ ကူးစက်ပြန့်ပွားလျက်ရှိပြီး မြန်မာနိုင်ငံနှင့် ဒေသတွင်းနိုင်ငံများ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းသာယာရေးကိုပင် ရိုက်ခတ်နေ၍ မြန်မာစစ်တပ်တွင် တာဝန်ရှိကြောင်း ပူးတွဲထုတ်ပြန်ချက်က ပြောထားသည်။
အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ သက်ဆိုင်သူများအားလုံး အပြုသဘောဆောင်သည့်ဆွေးနွေးမှုမျိုးဖြင့် အကြပ်အတည်းကို ငြိမ်းချမ်းစွာ အဖြေရှာကြရန် ယူအန်အပါအဝင် ယင်း ၉ နိုင်ငံက တောင်းဆိုထားသည်။
အရေးပေါ်အခြေအနေကြေညာထားခြင်းကို အဆုံးသတ်ရန်၊ လူသားချင်းစာနာမှုဆိုင်ရာအကူအညီများကို အတားအဆီးမရှိပေးအပ်ခွင့်ပြုရန်၊ နိုင်ငံခြားသားများအပါအဝင် မတရားထိန်းသိမ်းခံထားသူများအားလုံးကို ပြန်လွှတ်ပေးရန်နှင့် မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းဆီသို့ အမြန်ဆုံး ပြန်လည် ပို့ဆောင်ရန် စစ်အာဏာရှင်ကို အမေရိကန်က ထပ်လောင်းတောင်းဆိုသည်။
အာဏာသိမ်းယူခြင်းကို ဆန့်ကျင်ရင်း အသက်သေဆုံးခဲ့ရသည့် အမျိုးသမီးများ၊ ကလေးငယ်များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးအပ်သည့်အဖွဲ့အစည်းများမှ ဝန်ထမ်းများ၊ လူ့အခွင့်လှုပ်ရှားသူများနှင့် ငြိမ်းချမ်းစွာဆန္ဒပြသူများအပါအဝင် လွန်ခဲ့သည့်တစ်နှစ်တာကာလအတွင်း ကျဆုံးခဲ့သည့်သူများကို အောက်မေ့သတိရမိကြောင်လည်း ပူတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းကိရိယာများနှင့် အရပ်ဘက်-စစ်ဘက်သုံး ပစ္စည်းကိရိယာများ ရောင်းချခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ နည်းပညာအကူအညီပေးအပ်ခြင်းများရပ်တန့်ရန် နိုင်ငံတကာအသိုင်းအဝိုင်းကို အမေရိကန်က တိုက်တွန်းထားသည်။