အီသီယိုးပီးယားတွင် မူဆလင်ဆန့်ကျင်ရေးတိုက်ခိုက်မှုအတွင်း လူ ၂၀ ကျော် သေဆုံး

အီသီယိုးပီးယားနိုင်ငံ မြောက်ပိုင်း ဂွန်ဒါမြို့တွင် မူဆလင်အကြီးအကဲတစ်ဦး၏ ဈာပန၌ မူဆလင်လူမျိုးများအား တိုက်ခိုက်မှုအတွင်း လူပေါင်း ၂၀ ကျော် သေဆုံးခဲ့ရသည်ဟု ဒေသခံအစ္စလာမ္မစ်အဖွဲ့တစ်ဖွဲ့က ဗုဒ္ဓဟူးနေ့တွင်  ပြောကြားသည်။

29 Apr 2022

ဓာတ်ပုံ - AFP

DMG ၊ ဧပြီ ၂၉

အီသီယိုးပီးယားနိုင်ငံ မြောက်ပိုင်း ဂွန်ဒါမြို့တွင် မူဆလင်အကြီးအကဲတစ်ဦး၏ ဈာပန၌ မူဆလင်လူမျိုးများအား တိုက်ခိုက်မှုအတွင်း လူပေါင်း ၂၀ ကျော် သေဆုံးခဲ့ရသည်ဟု ဒေသခံအစ္စလာမ္မစ်အဖွဲ့တစ်ဖွဲ့က ဗုဒ္ဓဟူးနေ့တွင်  ပြောကြားသည်။

ဂွန်ဒါမြို့ တည်ရှိရာ အမ်ဟာရာဒေသ၏ အစ္စလာမ္မစ်ရေးရာ ကောင်စီက အင်္ဂါနေ့ကဖြစ်ပွားခဲ့သော အဆိုပါတိုက်ခိုက်မှုအား "အစွန်းရောက် ခရစ်ယာန်ဘာသာဝင်များ" ၏ လက်နက်ကြီးများ ကိုင်ဆောင်၍ "အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု" တစ်ခုအဖြစ် ဖော်ပြခဲ့သည်။

တိုက်ခိုက်သူများသည် အကြီးစားစက်သေနတ်များ၊ လက်ပစ်ဗုံးများ အသုံးပြုပစ်ခတ်ခဲ့သဖြင့် အများအပြား သေဆုံးခဲ့ပြီး ဒဏ်ရာရသူများကို ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ၎င်းဘာသာရေးအဖွဲ့က ပြောကြားသည်။

"မူဆလင်တို့၏ ပိုင်ဆိုင်မှုများကိုပါ တိုက်ခိုက်လုယူခြင်းခံခဲ့ရသော မနေ့က တိုက်ခိုက်မှုအတွင်း မူဆလင် အယောက် ၂၀ ကျော် သေဆုံးခဲ့ရသည်" ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် သုသာန်သည် ဗလီတစ်ခုနှင့် ဘုရားကျောင်းတစ်ခု အနီးတွင်တည်ရှိခြင်းဖြစ်ပြီး အဆိုပါ သုသာန်သည် မူဆလင်များနှင့် အီသီယိုးပီးယားတွင်အင်အား ကြီးမားသောအုပ်စုဖြစ်သည့် အော်သိုဒေါ့စ်ခရစ်ယာန်များအကြား ဖြစ်ပွားနေသည့် အငြင်းပွားမှု၏ အကြောင်းရင်းဖြစ်သည်။

“သုသာန်ကို ကျူးကျော်ဖို့ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်မှုတွေ ခံနေရပေမယ့် အဲဒီနေရာက သမိုင်းကြောင်းအရ အမြဲတမ်း မူဆလင်သင်္ချိူင်းဖြစ်နေခဲ့တာပါ” ဟု အစ္စလာမ်ရေးရာကောင်စီက ၎င်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အင်္ဂါနေ့ကဖြစ်ပွားခဲ့သော အကြမ်းဖက်မှုသည် ကွယ်လွန်သူအား မြှုပ်နှံသင်္ဂြိုဟ်ရာတွင် အသုံးပြုသည့် ကျောက်တုံးများအား သုသာန်မြေမှ ယူသလား၊ ဘုရားကျောင်းဝင်းမှ ယူသလား ဆိုသောအချက်အပေါ် အငြင်းပွားကြရာမှ ပဋိပက္ခ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း အမ်ဟာရာဒေသဆိုင်ရာ အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗီဒီယိုများ