သမိုင်းဝင်မဲဆန္ဒခံယူမှု အပြီး ဥရောပသမဂ္ဂ၏ ကာကွယ်ရေးမူဝါဒတွင် ဒိန်းမတ်နိုင်ငံ ပါဝင်လာ

ဒိန်းမတ်သည် ဇွန်လ ၁ ရက် လူထုဆန္ဒခံယူပွဲအပြီးတွင် ဥရောပသမဂ္ဂ၏ ကာကွယ်ရေးမူဝါဒတွင် ပူးပေါင်းပါဝင်လာတော့မည် ဖြစ်သည်။ ယခုဖြစ်စဉ်သည် ရုရှား၏ ယူကရိန်းနိုင်ငံအပေါ်ကျူးကျော်မှုကို တုံ့ပြန်သည့်အနေဖြင့် ဥရောပမြောက်ပိုင်းနိုင်ငံများ၏ ကာကွယ်ရေးဆိုင်ရာ ဆက်ဆံမှုများအား နက်ရှိုင်းစေသည့် နောက်ဆုံးအရွှေ့အပြောင်းကို ပြသလျက်ရှိသည်။

03 Jun 2022

ဆိုရှယ်ဒီမိုကရက်တစ်ခေါင်းဆောင်နှင့် ဒိန်းမတ်ဝန်ကြီးချုပ်ဖြစ်သူ ဖရယ်ဒရစ်ဆန်နှင့် သူမ၏ခင်ပွန်း ဘိုထန်ဘတ်တို့ ၂ဝ၂၂ ခုနှစ် ဇွန်လ ၁ ရက်နေ့က ဒိန်းမတ်နိုင်ငံ၊ ဗီယာလို့စ်မြို့ ဟက်စကိုဟေလန် အားကစားရုံတွင်ကျင်းပသော ဥရောပသမဂ္ဂ၏ ကာကွယ်ရေးမူဝါဒမှ ဘေးဖယ်နေရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ၌ မဲပေးနေကြစဉ်။ (ဓာတ်ပုံ - ရိုက်တာ)

DMG ၊ ဇွန် ၃

ဒိန်းမတ်သည် ဇွန်လ ၁ ရက် လူထုဆန္ဒခံယူပွဲအပြီးတွင် ဥရောပသမဂ္ဂ၏ ကာကွယ်ရေးမူဝါဒတွင် ပူးပေါင်းပါဝင်လာတော့မည် ဖြစ်သည်။ ယခုဖြစ်စဉ်သည် ရုရှား၏ ယူကရိန်းနိုင်ငံအပေါ်ကျူးကျော်မှုကို တုံ့ပြန်သည့်အနေဖြင့် ဥရောပမြောက်ပိုင်းနိုင်ငံများ၏ ကာကွယ်ရေးဆိုင်ရာ ဆက်ဆံမှုများအား နက်ရှိုင်းစေသည့် နောက်ဆုံးအရွှေ့အပြောင်းကို ပြသလျက်ရှိသည်။

ဒိန်းမတ်သည် ဥရောပသမဂ္ဂ၏ ကာကွယ်ရေးနှင့် လုံခြုံရေးမူဝါဒတွင် မပါဝင်သည့် တစ်ခုတည်းသော ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သည်။ ယခုပြည်လုံးကျွတ်ဆန္ဒခံယူပွဲသည် မက်စထရစ်စာချူပ်အတွက် ၁၉၉၃ ခုနှစ်လူထုဆန္ဒခံယူပွဲ၌ ရရှိခဲ့သော ကင်းလွတ်ခွင့်များစွာထဲမှ တစ်ခုကို အစိုးရက ပထမဦးဆုံး အကြိမ်အဖြစ် အောင်မြင်စွာ ဖျက်သိမ်းနိုင်ခဲ့သည့် ဆန္ဒခံယူပွဲဖြစ်သည်။

မဲဆန္ဒရှင်များ၏ ၆၇ ရာခိုင်နှုန်းနီးပါးသည် ဥရောပသမဂ္ဂ၏ ဘုံလုံခြုံရေးနှင့် ကာကွယ်ရေးမူဝါဒ (CSDP) မှဘေးဖယ်နေရေးကို ဖျက်သိမ်းရန် ထောက်ခံခဲ့ကြကြောင်း နောက်ဆုံးရလဒ်များက ပြသခဲ့ခြင်းသည် ဒိန်းမတ်နိုင်ငံတွင် အီးယူကိစ္စရပ်နှင့် ပတ်သက်သော လူထုဆန္ဒခံယူပွဲ၌ ထောက်ခံမှုအများဆုံးအဖြစ် မှတ်တမ်းတင်ခံခဲ့ရသည်။

မဲဆန္ဒရှင် ၃၃ ရာခိုင်နှုန်းခန့်က ကန့်ကွက်ခဲ့ကြသည်။

ဥရောပသမဂ္ဂ၏ ကာကွယ်ရေးသဘောတူညီချက်သည် အဖွဲ့အစည်း၏ ရှုပ်ထွေးသည့် စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များကြောင့် တင်းမာနေပြီး ဥရောပသမဂ္ဂ၏ စစ်ရေးဆောင်ရွက်မှုများတွင် ဒိန်းမတ်၏ပါဝင်မှုသည် ကုန်ကျစရိတ်များလွန်းသည်ဟု ဆန့်ကျင်သူများက ငြင်းဆိုနေချိန်တွင် ဥရောပသမဂ္ဂ၏ ကာကွယ်ရေးသဘောတူညီချက်မှ ဘေးဖယ်နေရေးကို ဖျက်သိမ်းရန် မဲခွဲဆုံးဖြတ်ခြင်းသည် ဥရောပသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မှုကို ထောက်ခံသူများအတွက် အောင်ပွဲတစ်ခုဖြစ်သည်။

"ဥရောပနဲ့ နေတိုးမှာရှိတဲ့ ကျွန်မတို့ရဲ့ မဟာမိတ်တွေဆီကို အချက်ပြလိုက်ပါပြီ။ ပြီးတော့ ပူတင် (ရုရှားသမ္မတ ဗလာဒီမာပူတင်) ကိုလည်း ပြတ်ပြတ်သားသား အချက်ပြလိုက်ပါပြီ" ဟု ဝန်ကြီးချုပ် မဲဒစ် ဖရယ်ဒရစ်ဆန်က ဗုဒ္ဓဟူးနေ့နှောင်းပိုင်းတွင် မဲအများစုကို ရေတွက်ပြီးချိန်၌ ပြောကြားခဲ့သည်။

" လွတ်လပ်ပြီး အမှီအခိုကင်းတဲ့နိုင်ငံ တစ်နိုင်ငံကို ပူတင်က ကျူးကျော်လာချိန်မှာ၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ပူတင် ခြိမ်းခြောက်လာချိန်မှာ ကျွန်မတို့အားလုံး နီးနီးကပ်ကပ် လက်တွဲသွားကြပါမယ်" ဟု ဒိန်းမတ်ဝန်ကြီးချုပ်က ပြောကြားသည်။

ဗီဒီယိုများ