- နှစ်ပတ်အတွင်း စစ်ကောင်စီကြောင့် ကလေးငယ် ၃၀ ကျော် သေဆုံး
- AA စစ်ရပ်ထားသည့် စစ်တွေတွင် စစ်ကောင်စီက လက်နက်ကြီး ဆက်တိုက်ပစ်နေ
- ရခိုင်တွင် လေကြောင်း ဗုံးကြဲခံရ၍ နှစ်ရက်အတွင်း ဒေသခံ ၁၅ ဦး သေဆုံး၊ ၃၀ ခန့် ဒဏ်ရာရ
- တရုတ် ဆိုလာအင်ဗာတာများထဲတွင် အမျိုးအမည်မသိ ဆက်သွယ်ရေးစက်များ တွေ့ရှိ
- ရေကြည်နှင့် လေးမျက်နှာတွင် တိုက်ပွဲပြင်းနေ
မြန်မာအခြေအနေ ယခုထက် ပိုမဆိုးမီ နိုင်ငံတကာ အသိုင်းအဝိုင်းက ပါဝင်ကူညီကြရန် ကုလသမဂ္ဂပြော
မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး အခြေအနေများ ထပ်မံယိုယွင်းလာမှုများ မဖြစ်အောင် ကာကွယ်ရန်အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက ယခုထက်ပို ပါဝင်ဆောင်ရွက်ပေးကြရန် OHCHR ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားလိုက်သည်။
13 May 2021

DMG ၊ မေ ၁၃
မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး အခြေအနေများ ထပ်မံယိုယွင်းလာမှုများ မဖြစ်အောင် ကာကွယ်ရန်အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက ယခုထက်ပို ပါဝင်ဆောင်ရွက်ပေးကြရန် OHCHR ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားလိုက်သည်။
ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများ အင်အားသုံးဖြိုခွင်းခံရမှုကို ကမ္ဘာနိုင်ငံ အများစုက အလေးထား စောင့်ကြည့်နေကြသော်လည်း မြန်မာစစ်အာဏာပိုင်များသည် သူ၏ ပြည်သူများအပေါ် ကမ်းကုန်အောင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်မြဲ ကျူးလွန်ဆဲ ဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး (OHCHR) က အင်္ဂါနေ့တွင် ပြောကြားသည်။
“မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ ဖြုတ်ချခံရပြီး ရက် ၁၀၀ ကြာလာတဲ့အထိ စစ်တပ်အာဏာပိုင်တွေဟာ အာဏာတည်မြဲရေးအတွက် အတိုက်အခံတွေအပေါ် အကြမ်းဖက်ဖြိုခွင်းမှုတွေကို အလျှော့ပေးမယ့်ပုံ မပြဘူး” ဟု OHCHR ပြောခွင့်ရ Rupert Colville က သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောကြားသည်။
မြန်မာနိုင်ငံမှ တိမ်းရှောင်လာသူများအား အိမ်နီးချင်းနိုင်ငံများက ကူညီထောက်ပံ့ရမည် ဖြစ်ကြောင်း Mr. Colville က ပြောသည်။ တိမ်းရှောင်လာသူ တစ်ဦး ဒုက္ခသည် အစစ်အမှန် ဟုတ် မဟုတ် စိစစ်ရန် အချိန်ယူရမည် ဖြစ်သော်လည်း အနည်းဆုံးအားဖြင့် သူတို့ကို ခိုလှုံခွင့်တောင်းခံသူ အဖြစ် မှတ်ယူကာ မြန်မာသို့ ပြန်မလွှတ်သင့်ကြောင်းလည်း သူက ပြောသည်။
အထူးသဖြင့် အာဆီယံအဖွဲ့ကြီးအနေဖြင့် အာဆီယံ အစည်းအဝေးက စစ်တပ်ခေါင်းဆောင်ပိုင်းကို တောင်းဆိုထားသည့် အချက်ငါးချက်အား စစ်တပ်ဘက်က လိုက်နာလာအောင် အဖွဲ့၏ လုပ်ဆောင်ချက်များကို မြန်ဆန်ထိရောက်စွာ ဆောင်ရွက်ရန်လည်း သူက တိုက်တွန်းထားသည်။
အာဆီယံ၏ တောင်းဆိုချက်များတွင် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ လူထု၏ အကျိုးကို ငဲ့ညှာပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံးပါဝင်သည့် ဆွေးနွေးပွဲများ ကျင်းပရန် စသည့် အချက်များ ပါဝင်သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အင်အားအလွန်အကျွံ အသုံးပြုမှုကြောင့် သေဆုံးသူစုစုပေါင်းသည် မေလ ၁၁ ရက်နေ့အထိ ရ၈၃ ဦး ရှိသွားပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (အေအေပီပီ) ၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံ၌ နေ့စဉ်နှင့်အမျှ အများပြည်သူ နေအိမ်များ၊ ရုံးများ ဝင်ရောက်စီးနင်းခံရမှုများ ရှိနေပြီး လက်ရှိတွင် ဖမ်းဆီးခံထားရသူ စုစုပေါင်း ၃၈၅၉ ဦးရှိသည်။
မြို့နယ် အများအပြားတွင် စစ်အုပ်ချုပ်ရေး ကြေညာထားပြီး သေဒဏ်ချခံထားရသူ ၂၅ ဦးထက်မနည်း ရှိကာ ၎င်းတို့အနက် ၂၀ ခန့်မှာ မျက်ကွယ်တွင် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း OHCHR ပြောခွင့်ရ Rupert Colville က ပြောသည်။