- ကျောက်ဖြူတွင် လှောင်ပိတ်ခံနေရသည့် ရခိုင်ခရီးသည်များ အကျပ်အတည်းများစွာ ရင်ဆိုင်နေရ
- ထိုင်းနှင့် ကမ္ဘောဒီးယားအကြား လက်နက်ရုပ်သိမ်းပြီး နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် သဘောတူ
- AA ထိန်းချုပ်နယ်မြေတွင် ကျွမ်းကျင်ဆရာဝန် နည်းပါး၍ ကျန်းမာရေးကိစ္စ အခက်အခဲဖြစ်နေ
- ကာတာရှိ ဟားမားစ်ခေါင်းဆောင်များကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်
- မြန်မာနိုင်ငံတွင် ဆိုးဝါးသည့် မြေမြှုပ်မိုင်းအန္တရာယ် ကိုင်တွယ်ရန် အဖြေရှာပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ
မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် အာရှနိုင်ငံများသို့ ခရီးထွက်မည်
မြန်မာနိုင်ငံတစ်ဝန်းတွင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အင်အားသုံးနှိမ်နင်းမှုကြောင့် သေဆုံးသူ ၆၀၀ ကျော်လာသည့်အချိန်၌ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က အာရှနိုင်ငံများသို့ အလတ်အပတ် ခရီး စတင်ပြီး မြန်မာ့အရေး ဆွေးနွေးရန် စီစဉ်နေကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
09 Apr 2021

DMG ၊ ဧပြီ ၉
မြန်မာနိုင်ငံတစ်ဝန်းတွင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အင်အားသုံးနှိမ်နင်းမှုကြောင့် သေဆုံးသူ ၆၀၀ ကျော်လာသည့်အချိန်၌ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က အာရှနိုင်ငံများသို့ အလတ်အပတ် ခရီး စတင်ပြီး မြန်မာ့အရေး ဆွေးနွေးရန် စီစဉ်နေကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
သူမ၏ ခရီးစဉ်အတွင်း ထိုင်းနိုင်ငံသို့ ပထမဦးဆုံး သွားရောက်မည်ဖြစ်ကာ တရုတ်သို့လည်း သွားမည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။ သို့သော် ခရီးထွက်ခွာမည့် အချိန်နှင့် အသေးစိတ်အချက်အလက်များအား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ကုလကိုယ်စားလှယ် ဘာဂျီနာသည် စစ်တပ်ခေါင်းဆောင်များနှင့် တွေ့ဆုံလိုသော်လည်း သူမအား မြန်မာနိုင်ငံသို့ ဝင်ရောက်ခွင့် မပေးထားပေ။
ယခုသီတင်းပတ် အစောပိုင်းက ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) သည် ကုလသမဂ္ဂ၏ မြန်မာ့အရေး လွတ်လပ်သော စုံစမ်းစစ်ဆေးရေး အဖွဲ့နှင့် တွေ့ဆုံးဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်ထားသည့် သက်သေပေါင်း ၃ သိန်းနီးပါး စုဆောင်းရရှိထားသည်ဟု CRPH က ပြောကြားထားသည်။
ကုလလုံခြုံရေးကောင်စီသည် သောကြာနေ့၌ CRPH ယာယီနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် အလွတ်သဘော တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးမည် ဖြစ်သည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများသည်လည်း မြန်မာ့အရေး တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ကို ဧပြီလ နှောင်းပိုင်းတွင် ကျင်းပရန် စီစဉ်ထားသည်။
သို့သော်လည်း အာဆီယံနိုင်ငံများအကြားတွင် မြန်မာ့အရေးနှင့် ပတ်သက်၍ အမြင်အမျိုးမျိုး ကွဲပြားလျက်ရှိသည်။
စင်္ကာပူ၊ မလေးရှားနှင့် အင်ဒိုနီးရှားတို့က မြန်မာ့အရေးကို ယခုထက်ပို ပါဝင်ဆောင်ရွက်လိုသော်လည်း ထိုင်း၊ လာအိုနှင့် ကမ္ဘောဒီးယားတို့ကမူ မြန်မာ့အရေးကို ပြည်တွင်းရေးဟု သတ်မှတ်ပြီး ဝင်မပါလိုကြကြောင်း သံတမန်တစ်ဦးက ပြောကြားသည်ဟု အေအက်ဖ်ပီသတင်းက ဖော်ပြသည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီအရေး လှုပ်ရှားမှုများအပေါ် လုံခြုံရေး တပ်ဖွဲ့ဝင်များက အင်အားသုံးနှိမ်နင်းသဖြင့် သေဆုံးသူ ၆၁၄ ဦးရှိပြီး ဖမ်းဆီးခံထားရသူ ၃၀၀၀ နီးပါး ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (အေအေပီပီ) က သတင်းထုတ်ပြန်ထားသည်။
မြန်မာစစ်တပ်သည် ဆန္ဒပြမှုများအား နှိမ်နင်းရာတွင် အာရ်ပီဂျီ၊ လက်ပစ်ဗုံး၊ စက်သေနတ်နှင့် စနိုက်ပါများအထိ အသုံးပြုလာနေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး အရာရှိများက ပြောသည်။
စစ်တပ်၏ အင်အားသုံးနှိမ်နင်းမှုများအပေါ် နိုင်ငံတကာ၏ ဝေဖန်မှုများလည်း တိုးလာလျက်ရှိသည်။ မတ်လကုန်ပိုင်းတွင် အမေရိကန်နှင့် မဟာမိတ် ၁၁ နိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးများ ပူးတွဲလက်မှတ်ရေးထိုးကာ မြန်မာစစ်တပ်၏ အင်အားသုံးနှိမ်နင်းမှုများကို ရှုတ်ချကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။