- ကင်မ်အဲရစ်နှင့် AA စစ်ဦးစီးချုပ် တွေ့ဆုံမှု တော်လှန်ရေးအရှိန်မြင့်လာနိုင်ကြောင်း လေ့လာသူများ သုံးသပ်
- ရှမ်းမြောက်က အနိုင်ရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ AA နှင့် ရင်ဆိုင်တိုက်ပွဲတွင် ထွက်ပြေးနေရ
- အမေရိကန်က ၅၀ ရာခိုင်နှုန်းထိ အခွန်မြှင့်သော်လည်း ရုရှားရေနံကို ဆက်ဝယ်သွားမည်ဟု အိန္ဒိယ ပြော
- AA ထိန်းချုပ်ရာ ရခိုင်-ပဲခူး နယ်စပ်ကို စစ်ကောင်စီ ထိုးစစ်ဆင်နေ
- စစ်တွေနှင့် ကျောက်ဖြူ AA လက်ထဲ မကျရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ
အာဆီယံထိပ်သီးညီလာခံ မြန်မာမပါဘဲ စတင်
အာဆီယံထိပ်သီးအစည်းအဝေးအား ကြာသပတေးနေ့တွင် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့၌ စတင်ကျင်းပနေပြီဖြစ်ကာ မြန်မာစစ်တပ်ဘက်မှကိုယ်စားလှယ်အား အစည်းအဝေးတက်ရောက်ခွင့်ပိတ်ပင်ထားသည်။
18 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၁၈
အာဆီယံထိပ်သီးအစည်းအဝေးအား ကြာသပတေးနေ့တွင် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့၌ စတင်ကျင်းပနေပြီဖြစ်ကာ မြန်မာစစ်တပ်ဘက်မှကိုယ်စားလှယ်အား အစည်းအဝေးတက်ရောက်ခွင့်ပိတ်ပင်ထားသည်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်သည် မြန်မာစစ်အုပ်စုကို အာဆီယံအဖွဲ့တွင်းသို့ ပြန်လည်ခေါ်သွင်းရန် ကြိုးစားခဲ့သော်လည်း အဖွဲ့တွင်းသဘောထားကွဲလွဲမှုများကြောင့် ယခုသီတင်းပတ်တွင်ကျင်းပသည့် အစည်းအဝေးတွင် မြန်မာစစ်တပ်ဘက်က ကိုယ်စားပြုတက်ရောက်မည့်ကိုယ်စားလှယ်ကို တက်ရောက်ခွင့်မပြုထားပေ။
မြန်မာကိုယ်စားလှယ်အပြင် အာဆီယံအဖွဲ့ဝင် နိုင်ငံအချို့မှ ကိုယ်စားလှယ်များသည်လည်း ဒေသတွင်းကိုဗစ်ကူးစက်မှုမြင့်တက်လာသည့်အတွက် လူကိုယ်တိုင်မတက်ရောက်နိုင်ဘဲ အွန်လိုင်းမှတစ်ဆင့် တက်ရောက်လျက်ရှိကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး ဘူသန်ဆန်းသည်လည်း ဖနွမ်ပင်သို့ရောက်ချိန်၌ ကိုဗစ်စစ်ဆေးတွေ့ရှိမှုကြောင့် အစည်းအဝေးကိုအွန်လိုင်းမှတစ်ဆင့် တက်ရောက်လျက်ရှိသည်။
အာဆီယံလက်ရှိဥက္ကဌ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်သည် ပြီးခဲ့သည့်လက မြန်မာနိုင်ငံသို့ အလည်အပတ် သွားရောက်ပြီး စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။ ဟွန်ဆန်၏ခရီးစဉ်သည် စစ်အုပ်စုအား အသိအမှတ်ပြုသကဲ့သို့ ဖြစ်သွားနိုင်သည်ကို အခြားအာဆီယံအဖွဲ့ဝင် နိုင်ငံအများအပြားက စိုးရိမ်ပူပန်မှုများပြသခဲ့သည်။
ဟွန်ဆန်ကမူ မိမိ၏ခရီးစဉ်အား ကာကွယ်ပြောဆိုခဲ့သလို မြန်မာနိုင်ငံသည် ထူးခြားမှုတစ်စုံတစ်ရာမရှိပါက နောက်ထပ် ငါးနှစ်၊ ဆယ်နှစ်အထိ ငြိမ်းချမ်းရေးမရနိုင်ကြောင်းပါပြောကြားခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။
“အမြင်မတူတာတွေတော့ တစ်ခါတစ်ခါ ရှိမှာပဲလေ။ ဒါပေမဲ့ အမြင်မတူလို့ဆိုပြီး မိသားစုက ပစ်ပယ်မထားပါဘူး” ဟု ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်က ဖနွမ်ပင်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များကို ပြောကြားသည်။
ပြီးခဲ့သောနှစ်က သဘောတူခဲ့သည့် အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကို မြန်မာစစ်အုပ်စုဘက်က အကောင်အထည်မဖော်နိုင်သေးသရွေ့ အာဆီယံအစည်းအဝေးများသို့ မဖိတ်ခေါ်ရန် စင်္ကာပူ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့က ကမ္ဘောဒီးယားကို တိုက်တွန်းထားသည်။
အစည်းအဝေး မစတင်မီကလည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာကရစ်ရှနန်က မြန်မာနိုင်ငံတွင် အာဆီယံငြိမ်းချမ်းရေးလမ်းပြမြေပုံအား အကောင်အထည်မဖော်နိုင်ခြင်းသည် “စိတ်ပျက်ဖွယ်ရာ” ဖြစ်ကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ပြောကြားထားသည်။