ဒဏ်ခတ်ပိတ်ဆို့မှုအသစ်အဖြစ် ရုရှားရေနံကို ဖြတ်တောက်ရန် အီးယူအဆိုပြု

ယူကရိန်းနိုင်ငံအား ကျူးကျော်တိုက်ခိုက်မှုအတွက် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုအသစ်၏ တစ်စိတ်တစ်ပိုင်း ပိတ်ဆို့မှုအနေဖြင့် အီးယူသည် ရုရှား၏ရေနံတင်သွင်းမှုကို ရပ်တန့်ရန် အဆိုပြုမည်ဖြစ်ကြောင်း သတင်းရင်းမြစ်များက မေလ ၁ ရက်တွင် ပြောကြားသည်။

03 May 2022

လုံခြုံရေးအန္တရာယ်နှင့် ရုရှားဓာတ်ငွေ့အပေါ် မှီခိုမှုမြင့်မားစေနိုင်မှုအဖြစ် Nord Stream 2 ပိုက်လိုင်းသည် ဂျာမနီမဟာမိတ်အချို့၏ ပြင်းပြင်းထန်ထန် ဝေဖန်ခြင်းခံနေရသည်။ ဓာတ်ပုံ - AFP

DMG ၊ မေ ၃

ယူကရိန်းနိုင်ငံအား ကျူးကျော်တိုက်ခိုက်မှုအတွက် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုအသစ်၏ တစ်စိတ်တစ်ပိုင်း ပိတ်ဆို့မှုအနေဖြင့် အီးယူသည် ရုရှား၏ရေနံတင်သွင်းမှုကို ရပ်တန့်ရန် အဆိုပြုမည်ဖြစ်ကြောင်း သတင်းရင်းမြစ်များက မေလ ၁ ရက်တွင် ပြောကြားသည်။

အဖွဲ့ဝင်နိုင်ငံများအတွက် ပိတ်ဆို့အရေးယူမှု လုပ်ငန်းစဉ်များကို ရေးဆွဲနေသည့် ဥရောပကော်မရှင်သည် အဖွဲ့ဝင် ၂၇ နိုင်ငံသို့ ဗုဒ္ဓဟူးနေ့တွင် ဆောလျင်စွာ ပေးပို့ပေးနိုင်မည့် အကြောင်းအရာတစ်ရပ်ကို ပြင်ဆင်လျက်ရှိနေသည်ဟု သံတမန်များက ပြောကြားခဲ့သည်။

ရုရှားနိုင်ငံအပေါ် စွမ်းအင်ပိတ်ဆို့မှု ပြုလုပ်ခြင်းက ၎င်းနိုင်ငံ၏စီးပွားရေးကို များစွာ ထိခိုက်စေနိုင်သောကြောင့် ဂျာမနီသည် ရုရှားနိုင်ငံအပေါ် စွမ်းအင်ပိတ်ဆို့မှုများနှင့် ပတ်သက်၍ ဆန့်ကျင်နေခဲ့ရာမှ ပိတ်ဆို့မှုများကိုပြတ်သားစွာ ပြန်လည်ထောက်ခံခဲ့ပြီးနောက် ရေနံပိတ်ပင်မှုကို ဥရောပ ကော်မရှင်က လုပ်ဆောင်လိုက်ခြင်းဖြစ်သည်ဟု သံတမန် အများအပြားက ပြောကြားသည်။

အီးယူနိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဆက်ဘော်ရယ်က ရုရှားသည် ယူကရိန်းတွင် ၎င်း၏ တိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသဖြင့် ပိတ်ဆို့အရေးယူမှုအသစ်များအား "မဖြစ်မနေ လုံးဝ" ပြုလုပ်ရန် လိုအပ်သည်ဟုပြောကြားခဲ့သည်။

“ရုရှားကလုပ်နေတဲ့အရာအတွက် သူပြန်လည်ပေးဆပ်ရအောင်လို့ ကျွန်တော်တို့ရဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေး စွမ်းရည်တွေကို အသုံးပြုရမှာပါ” ဟု ဂျိုးဆက်ဘော်ရယ်က ပြောသည်။

ဥရောပကော်မရှင်သည် အဖွဲ့ဝင်နိုင်ငံများအား ၎င်းတို့၏စွမ်းအင်ဖြည့်တင်းမှု နည်းလမ်းများကို ရှာဖွေနိုင်စေရန်အတွက် အချိန်ပေးသည့်အနေဖြင့် အဆိုပါပိတ်ဆို့မှုအား စတင်လုပ်ဆောင်မှုကို ခြောက်လမှ ရှစ်လအတွင်း အချိန်ယူ၍ အဆိုပြုမည်ဖြစ်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

အဆိုပါပိတ်ဆို့မှုသည် အဖွဲ့ဝင်နိုင်ငံအားလုံး၏ ထောက်ခံမှု လိုအပ်သည်။ ဟန်ဂေရီသည် ရုရှားရေနံအပေါ် မှီခိုနေရပြီး ကရင်မလင်နှင့် နီးကပ်နေသောကြောင့် ပြင်းထန်သောအတိုက်အခံပြုခြင်းများ တိုးပွားလာနိုင်သည်ဟု မျှော်လင့်ရသည့်အတွက် ပိတ်ဆို့မှုသည် လမ်းချော်သွားနိုင်သည်။

ရုရှားဓာတ်ငွေ့ကို ကြီးမားစွာ မှီခိုနေရသည့် ဂျာမနီနိုင်ငံသည် ၂ဝ၂၄ ခုနှစ် နှစ်လယ်တွင် သုံးစွဲမှုအား အပြီးသတ် ဖြတ်တောက်နိုင်ရန်အတွက် ဖြည်းဖြည်းချင်း သုံးစွဲမှုလျော့ချသွားမည်ဟု ကတိပြုထားခြင်းကြောင့် ရုရှားနိုင်ငံမှ ဓာတ်ငွေ့တင်သွင်းမှုများသည် ဆက်လက်ရှိနေမည်ဖြစ်သည်။

ယူကရိန်းကို တိုက်ခိုက်ခြင်းအတွက် ရုရှားသမ္မတ ဗလာဒီမာပူတင်အား ဒဏ်ခတ်အရေးယူရန် အနောက်မဟာမိတ်များက အင်တိုက်အားတိုက် ကြိုးပမ်းနေရချိန်တွင် ဥရောပ၏အကြီးဆုံးစီးပွားရေးသည် ရုရှားစွမ်းအင်အပေါ် မှီခိုနေရခြင်းက ကြီးမားသော အားနည်းချက်တစ်ခု ဖြစ်လျက်ရှိသည်။

ဗီဒီယိုများ