- ရခိုင်တွင် အဓမ္မပြုကျင့်ရန်ကြိုးပမ်းမှုတွင် အာမခံဖြင့်လွတ်နေသူကို ပြန်ဖမ်း၊ အာမခံပေးခဲ့သည့် တရားသူကြီး စစ်ဆေးခံရ
- စစ်ကောင်စီပေးသည့် ဂုဏ်ထူးဆောင်ဘွဲ့နှစ်ခုထိ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ရရှိထား
- အင်ဒိုနီးရှားမှာ ကူးတို့သင်္ဘော တိမ်းမှောက်မှုကြောင့် ၄ ဦးသေပြီး ၃၀ ခန့် ပျောက်ဆုံးနေ
- ICG သတိပေးပြီးနောက် ရခိုင်နယ်စပ်တွင် ARSA တိုက်ပွဲပြန်ဖော်လာ
- မြန်မာနိုင်ငံသားများကို လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းကို NUG မေတ္တာရပ်ခံ
နယ်စပ်ကုန်သွယ်မှု ပိတ်ပြီးနောက် မြန်မာနိုင်ငံမှ တရုတ်သို့ မြေရှားသတ္တုတင်ပို့မှု ရပ်ဆိုင်း
ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကို ထိန်းချုပ်ရန် နယ်စပ်ဖြတ်ကျော်ခွင့် ပိတ်လိုက်ပြီးနောက် တရုတ်သို့ အိမ်နီးချင်းမြန်မာနိုင်ငံမှ မြေရှားသတ္တုများ တင်သွင်းမှုသည် သြဂုတ်လအတွင်း နည်းပါးသွားကြောင်း တနင်္လာနေ့က ထုတ်ပြန်လိုက်သည့် တရုတ်အကောက်ခွန်စာရင်းများတွင် တွေ့ရသည်ဟု ရိုက်တာသတင်းတစ်ရပ်က ဖော်ပြသည်။
28 Sep 2021

DMG ၊ စက်တင်ဘာ ၂၈
ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကို ထိန်းချုပ်ရန် နယ်စပ်ဖြတ်ကျော်ခွင့် ပိတ်လိုက်ပြီးနောက် တရုတ်သို့ အိမ်နီးချင်းမြန်မာနိုင်ငံမှ မြေရှားသတ္တုများ တင်သွင်းမှုသည် သြဂုတ်လအတွင်း နည်းပါးသွားကြောင်း တနင်္လာနေ့က ထုတ်ပြန်လိုက်သည့် တရုတ်အကောက်ခွန်စာရင်းများတွင် တွေ့ရသည်ဟု ရိုက်တာသတင်းတစ်ရပ်က ဖော်ပြသည်။
တရုတ်သည် မြေရှားသတ္တုထုတ်လုပ်သည့် ကမ္ဘာ့ထိပ်တန်းနိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ဈေးကွက်ဝင် ကုန်ကြမ်းရရှိ မှုအတွက် မြန်မာနိုင်ငံအပေါ် ၅၀ ရာခိုင်နှုန်းခန့် မှီခိုနေရကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။ သတ္တုဒြပ်စင် ၁၇ မျိုးပါဝင်သည့် မြေရှားသတ္တုကို အိမ်သုံးလျှပ်စစ်ပစ္စည်းများနှင့် စစ်ဘက်သုံးကိရိယာများတွင် အသုံးပြုသည်။
မြေရှားသတ္တုတင်ပို့မှု အခက်အခဲကြောင့် လျှပ်စစ်ယာဉ်ယန္တရားများနှင့် လေစွမ်းအင်သုံး တာဘိုင်များတွင် အသုံးပြုသည့် ရှားပါးသံလိုက်အမျိုးမျိုး ထုတ်လုပ်သူများကို အကြီးအကျယ်အထိနာစေသည့် ထိုးနှက်ချက် တစ်ရပ်ဖြစ်နေရသည်။ ထိုကြောင့် Terbium နှင့် Dysprosium တို့ကဲ့သို့ သံလိုက်ထုတ်ရာတွင် အရေးကြီးသည့် ပါဝင်ဒြပ်စင်များအတွက် ဈေးနှုန်းများ မတန်တဆ မြင့်တက်လာပြီဖြစ်သည်။
တရုတ်အကောက်ခွန်ဦးစီးဌာနက ထုတ်ပြန်သည့် စာရင်းဇယားများအရ တရုတ်သို့ မြန်မာမှ ရှားပါးသတ္တု ဒြပ်ပေါင်းတင်သွင်းမှုများသည် ပြီးခဲ့သည့်သြဂုတ်လတွင် တန်ချိန် ၂၃ တန်သာရှိခဲ့ကြောင်း ရိုက်တာသတင်းက ဆိုသည်။ မြန်မာမှတင်သွင်းသော မြေရှားသတ္တုကို ပစ္စည်းထုတ်လုပ်သူများ အဆင်သင့်သုံးစွဲနိုင်ရန် တရုတ်နိုင်ငံတွင် သန့်စင်သည်။
ဇူလိုင်လတွင် မြေရှားသတ္တုတန်ချိန် ၂၇၀ တင်ပို့မှုနှင့်ယှဉ်လျှင် ၉၁.၈ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး ဇွန်လအတွင်းတင်သွင်းမှုနှင့် ယှဉ်လျှင် ရ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းဖြစ်သည်။
တရုတ်ယူနန်ပြည်နယ်၏ အနောက်တောင်ဘက်ရှိ မြန်မာနှင့်ထိစပ်နေသည့် Tengchong နယ်စပ်တွင် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်ခြင်းကို ရှောင်ရှားနိုင်ရန် ဇူလိုင်လလယ်တွင် နယ်စပ်ဖြတ်ကျော်ခွင့် ပိတ်ထားခဲ့သည်။
“အခြေအနေက မထူးခြားသေးဘူးဆိုတော့ နယ်စပ်က လတ်တလော ဖွင့်ဦးမှာမဟုတ်သေးဘူး” ဟု Roskill သုတေသနမှ လေ့လာဆန်းစစ်သူ Leslie Liang က စက်တင်ဘာလ ၁၅ ရက်တွင်ပြုလုပ်သော အွန်လိုင်း ဆွေးနွေးပွဲတစ်ခုတွင် ပြောကြားခဲ့သည်။ ထို့ကြောင့် တရုတ်အနေဖြင့်လည်း မြန်မာတွင် သံရိုင်းပြုပြင်ခြင်း အဆင့်ကူညီပေးရန် ဓာတုပစ္စည်းများတင်ပို့ပေးခြင်းကို မလုပ်နိုင်သကဲ့သို့ မြန်မာမှ မြေရှားသတ္တုဒြပ်ပေါင်း တင်သွင်းခြင်းကိုလည်း လတ်တလော ဆောင်ရွက်နိုင်မည်မဟုတ်ပေ။
“လွန်ခဲ့တဲ့ ၅ နှစ်လောက်က မြန်မာနိုင်ငံကိုမှီခိုခဲ့တဲ့ တရုတ်(နိုင်ငံပိုင်)လုပ်ငန်းအားလုံးဟာ အခုဆိုရင် ကုန်ကြမ်း ထောက်ပံ့နိုင်သူ နောက်ထပ်ရွေးစရာ များများစားစားမရှိတာကြောင့် ကုန်ကြမ်းအလျင်မီရရှိနိုင်ဖို့ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရပါပြီ” ဟု သူမက ဖြည့်စွက်ပြောကြားခဲ့သည်။
မြန်မာမှ မြေရှားသတ္တုအောက်ဆိုက် (Rare Earth Oxides) တင်သွင်းမှုသည် သြဂုတ်လတွင် တန်ချိန် ရ၀ သာ ရှိပြီး ဇူလိုင်လတင်သွင်းမှုနှင့် ယှဉ်လျှင် ၉၃.၅ ရာခိုင်နှုန်း ကျဆင်းသွားသည်။
မလေးရှားနိုင်ငံမှ တင်သွင်းမှုသည် တန်ချိန် ၁၈၀ အထိ မကြုံစဖူးမြင့်တက်လာကြောင်း ရိုက်တာသတင်းက ဆိုသည်။
မြန်မာမှ မြေရှားသတ္တု ကာဘွန်နိတ်ဒြပ်ပေါင်းကို ပြီးခဲ့သည့်လအတွင်း တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ ခြင်းမရှိပေ။