- ကျောက်ဖြူတွင် လှောင်ပိတ်ခံနေရသည့် ရခိုင်ခရီးသည်များ အကျပ်အတည်းများစွာ ရင်ဆိုင်နေရ
- ထိုင်းနှင့် ကမ္ဘောဒီးယားအကြား လက်နက်ရုပ်သိမ်းပြီး နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် သဘောတူ
- AA ထိန်းချုပ်နယ်မြေတွင် ကျွမ်းကျင်ဆရာဝန် နည်းပါး၍ ကျန်းမာရေးကိစ္စ အခက်အခဲဖြစ်နေ
- ကာတာရှိ ဟားမားစ်ခေါင်းဆောင်များကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်
- မြန်မာနိုင်ငံတွင် ဆိုးဝါးသည့် မြေမြှုပ်မိုင်းအန္တရာယ် ကိုင်တွယ်ရန် အဖြေရှာပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ
ဆန္ဒပြသူများအပေါ် သေဆုံးစေသည်အထိ အင်အားသုံးမှု ကုလလုံခြုံရေးကောင်စီ ပြင်းပြင်းထန်ထန် ရှုတ်ချ
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေကြသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အင်အားသုံးပြီး အကြမ်းနည်းဖြင့် ဖြေရှင်းမှု၊ အရပ်သား ရာပေါင်းများစွာ သေဆုံးရမှုတို့ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးက ပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
03 Apr 2021

DMG ၊ ဧပြီ ၃
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေကြသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အင်အားသုံးပြီး အကြမ်းနည်းဖြင့် ဖြေရှင်းမှု၊ အရပ်သား ရာပေါင်းများစွာ သေဆုံးရမှုတို့ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးက ပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယူကေကတင်သွင်းသည့် ကြေညာချက်မူကြမ်းကို ကြာသပတေးနေ့ နှောင်းပိုင်းတွင် ပြုလုပ်သည့် လုံခြုံရေးကောင်စီ အစည်းအဝေး၌ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံလုံးက အတည်ပြုကာ ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံအတွင်း နေ့စဉ်ရက်ဆက် ပိုမိုဆိုးရွားလာနေသည့် အခြေအနေကို နက်ရှိုင်းစွာ စိုးရိမ်ကြောင်းနှင့် အသိမ်မွေ့ဆုံး နည်းလမ်းများဖြင့် ကိုင်တွယ်ဖြေရှင်းရန် ထပ်လောင်းပြောကြားလိုက်ကြောင်း ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။
မြန်မာစစ်တပ်အပေါ် နောက်ဆက်တွဲ အရေးယူမှုများ ပြုလုပ်လာနိုင်ခြေရှိသည့် အချက်များကိုမူ ထည့်သွင်းဖော်ပြမထားပေ။
ဗုဒ္ဓဟူးနေ့တည်းက စတင်ကျင်းပခဲ့သည့် မြန်မာ့အရေး လုံခြုံရေးကောင်စီ အစည်းအဝေး၌ အစောပိုင်းတွင် သဘောတူညီချက်မရဘဲ အကြိတ်အနယ် ဆွေးနွေးခဲ့ရကြောင်း အေပီသတင်းက ဖော်ပြသည်။
လုံခြုံရေးကောင်စီသို့ ယူကေက တင်သွင်းသည့် ကြေညာချက်မူကြမ်းတွင် ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်နိုင်သည့် သဘောဖြစ်သည့် ‘နောက်ဆက်တွဲ အရေးယူမှုများ ပြုလုပ်ရန် အသင့်ရှိကြောင်း’၊ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသူများအား အကြမ်းဖက်ဖြိုခွင်းမှုကို ထိတ်လန့်တုန်လှုပ်မိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက အရပ်သား ရာပေါင်းများစွာအား သတ်ဖြတ်ခြင်း အပြင်းထန်ဆုံး စကားလုံးများဖြင့် ရှုတ်ချကြောင်း ဖော်ပြပါရှိသည်။
သို့သော်လည်း ‘နောက်ဆက်တွဲ အရေးယူမှုများ’ ဟု သုံးနှုန်းချက်၊ ‘သတ်ဖြတ်’ ‘ထိတ်လန့်တုန်လှုပ်’ စသည့် အသုံးအနှုန်းများကို တရုတ်က ပယ်ချပြီး ပိုမိုပျော့ပျောင်းသော အသုံးအနှုန်းများဖြင့် ပြောင်းလဲ သုံးနှုန်းရန် ပြောကြားခဲ့သည်။
ယခုထုတ်ပြန်ချက်သည် မြန်မာနိုင်ငံ၌ စစ်တပ်၏ အာဏာရယူမှုအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဒုတိယမြောက် ထုတ်ပြန်ချက်လည်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်အပါအဝင် ထိန်းသိမ်းထားသော အစိုးရခေါင်းဆောင်များအား ချက်ချင်း ပြန်လွှတ်ပေးရန်လည်း ကြာသပတေးနေ့၌ အတည်ပြုခဲ့သည့် လုံခြုံရေးကောင်စီ၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။