- ဖားကန့်မြို့တဝိုက် စစ်ကောင်စီ စစ်ကြောင်းလှုပ်ရှားနေ၍ တိုက်ပွဲပြင်းထန်နေ
- လေးမျက်နှာက ရခိုင်စစ်ရှောင် ၄ ဦးကို AA သံသယဖြင့် စစ်ကောင်စီ ဖမ်းဆီးသွား
- တိုက်ပွဲများ ရပ်တန့်ရန် စစ်ကောင်စီနှင့် TNLA ကို တရုတ် ခေါ်တွေ့
- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
မြန်မာနိုင်ငံတွင်း အကြမ်းဖက်နှိမ်နင်းမှုကိုရှုတ်ချရန် ကုလလုံခြုံရေးကောင်စီ သဘောတူညီမှုရရှိပြီ
ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် မြန်မာနိုင်ငံအတွင်း ဆန္ဒဖော်ထုတ်မှုများအား စစ်တပ်က အကြမ်းဖက်ဖြိုခွင်းမှုများအပေါ်ရှုတ်ချရန် အဖွဲ့ဝင်နိုင်ငံများအကြား ဗုဒ္ဓဟူးနေ့တွင် သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်သည်။
11 Mar 2021

DMG ၊ မတ် ၁၁
ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် မြန်မာနိုင်ငံအတွင်း ဆန္ဒဖော်ထုတ်မှုများအား စစ်တပ်က အကြမ်းဖက်ဖြိုခွင်းမှုများအပေါ်ရှုတ်ချရန် အဖွဲ့ဝင်နိုင်ငံများအကြား ဗုဒ္ဓဟူးနေ့တွင် သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်သည်။
ဗြိတိန်က လုံခြုံရေးကောင်စီသို့ တင်သွင်းသည့် မူကြမ်းအား အင်္ဂါနေ့က ဆွေးနွေးရာတွင် တရုတ်၊ ရုရှား၊ အိန္ဒိယနှင့် ဗီယက်နမ်နိုင်ငံတို့ကကန့်ကွက်ပြီး ပြန်လည်ပြင်ဆင်မှုများပြုလုပ်ရန် တောင်းဆိုခဲ့ကြကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
ပြည်လည်ဆွေးနွေးညှိနိုင်းပြီးနောက် အာဏာသိမ်းသည်ဟု ရည်ညွှန်းပြောဆိုခြင်းနှင့် ထပ်တိုးအရေးယူမှုများ လုပ်မည်ဟု သတိပေး ခြိမ်းခြောက်ထားခြင်းများအား ဖယ်ရှားပြီးနောက် အဖွဲ့ဝင်နိုင်ငံများအကြား သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် မြန်မာနိုင်ငံအတွင်း စစ်တပ်၏ အရေးပေါ်အခြေအနေ ကြေညာခြင်းအပေါ် စိုးရိမ်ကြောင်းနှင့် ဖမ်းဆီးခံရသူများအားလုံးကို ပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း ပြောကြားချက်များ ပါဝင်သည့် ကြေညာချက်တစ်စောင်အား ဖေဖော်ဝါရီလအတွင်း ထုတ်ပြန်ခဲ့သည်။ အာဏာသိမ်းမှုအား ရှုတ်ချကြောင်း အဆိုကိုမူ ထိုအချိန်က တရုတ်နှင့် ရုရှားနိုင်ငံများက ကန့်ကွက်မှုကြောင့် မထုတ်ပြန်နိုင်ခဲ့ပေ။
ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်နှင့် နယူးယောက်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့အစည်းများက မြန်မာနှင့် ကမ္ဘာ့နိုင်ငံများအကြား လက်နက်ကုန်သွယ်မှုကို တားမြစ်ရန်နှင့် မြန်မာစစ်တပ်ကို ပစ်မှတ်ထားသည့် စီးပွားရေးပိတ်ဆို့ အရေးယူမှုများ ချမှတ်ရန် တောင်းဆိုထားသည်။
မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုအပြီး ပေါ်ပေါက်လာသည့် ဆန္ဒဖော်ထုတ်မှုများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်နှိမ်နင်းမှုများကြောင့် သေဆုံးသူ ၆၀ ကျော် ရှိပြီး ဖမ်းဆီးခံရသူ ၂၀၀၀ ဝန်းကျင် ရှိနေပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ၏ ထုတ်ပြန်ချက်အရ သိရသည်။