အစ္စရေးကို အကူအညီပေးရန် အမေရိကန်လေယာဉ်တင်သင်္ဘော နောက်တစ်စီး ဆိုက်ရောက်

ဂါဇာဒေသတွင် အရပ်သားများကို အကာအကွယ်ပေးရန် သမ္မတဘိုင်ဒန်က တွန်းအားပေးပြောဆိုနေသည့် တစ်ချိန်တည်း၌ အမေရိကန် လေယာဉ်တင်စစ်သင်္ဘော နောက်တစ်စီးကို အစ္စရေးအား အကူအညီပေးရန် စေလွှတ်ထားကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Admin 16 Oct 2023

အမေရိကန်လေယာဉ်တင်သင်္ဘော USS D Eisenhower ။ ဓာတ်ပုံ - AFP
အမေရိကန်လေယာဉ်တင်သင်္ဘော USS D Eisenhower ။ ဓာတ်ပုံ - AFP

ဂါဇာဒေသတွင် အရပ်သားများကို အကာအကွယ်ပေးရန် သမ္မတဘိုင်ဒန်က တွန်းအားပေးပြောဆိုနေသည့် တစ်ချိန်တည်း၌ အမေရိကန် လေယာဉ်တင်စစ်သင်္ဘော နောက်တစ်စီးကို အစ္စရေးအား အကူအညီပေးရန် စေလွှတ်ထားကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
USS Eisenhower နှင့် ပူးတွဲ စစ်သင်္ဘောများ အောက်တိုဘာလ ၁၄ ရက်နေ့၌ မြေထဲပင်လယ် အရှေ့ပိုင်းသို့ ရောက်ရှိလာခြင်းသည် အစ္စရေးလုံခြုံရေးအတွက် ဝါရှင်တန်၏ ခိုင်မာသောသန္နိဌာန်နှင့် ယခုစစ်ပွဲကို ပိုမိုပြင်းထန်ဆိုးရွားအောင် ကြံစည်နေသည့် နိုင်ငံသို့မဟုတ် အဖွဲ့အစည်းများကို တွန်းလှန်မည့်သဘောကို ပြသနေခြင်းဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ကြေညာချက်တစ်ရပ်တွင် ထည့်သွင်းပြောကြားထားသည်။
အဆိုပါဒေသတွင် ယခုသီတင်းပတ် အစောပိုင်းတည်းက နောက်ထပ် လေယာဉ်တင်သင်္ဘော တစ်စီးဖြစ်သော USS Ford နှင့် ပူးတွဲသင်္ဘောများ ရောက်ရှိနေပြီးဖြစ်သည်။ ဂါဇာဒေသရှိ ဟားမားစ်တို့ကို အစ္စရေးတို့က မြေပြင်ထိုးစစ်ဖြင့် ဝင်ရောက်ချေမှုန်းရန် အသင့်ရှိနေချိန်၌ ယခုကဲ့သို့ နောက်ထပ်တစ်စီး စေလွှတ်လိုက်ခြင်း ဖြစ်သည်။
ဂါဇာတွင် လူဦးရေ ၂.၄ သန်းခန့် နေထိုင်ကြပြီး ၎င်းတို့အတွက် စားနပ်ရိက္ခာ၊ သောက်သုံးရေနှင့် လျှပ်စစ်မီးများအားလုံးကို အစ္စရေးက ဖြတ်တောက်ပိတ်ဆို့ထားသည်။
ဘိုင်ဒန်သည် စနေနေ့တွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ် စကားပြောကြားခဲ့သည်။ အရပ်သားများကို အကာအကွယ်ပေးရန် ကြိုးပမ်းမှုများအားလုံးကို မိမိအနေဖြင့် ထောက်ခံအားပေးသည်ဟု အဆိုပါဖုန်းဆက်သွယ်ပြောကြားမှုတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။ သို့သော်လည်း ဂါဇာအတွက် ဆိုသည့်သဘော တိတိပပ ထည့်သွင်းပြောကြားထားခြင်း မရှိပေ။
ဘိုင်ဒန်သည် ပဋိပက္ခနောက်ပိုင်း ပထမဆုံးအဖြစ် ပါလက်စတိုင်းခေါင်းဆောင် မာမွတ်အာဘက်နှင့်လည်း ဆက်သွယ်ဆွေးနွေးခဲ့ကာ အစ္စရေးအပေါ် ဟားမားစ်တို့၏ ရက်ရက်စက်စက် တိုက်ခိုက်မှုကို ရှုတ်ချကြောင်း ပြောကြားခဲ့သည်။ ဂါဇာဒေသရှိ ပါလက်စတိုင်းတို့အား လူသားချင်းစာနာမှု အကူအညီများ ပေးအပ်နိုင်ရန် ကြိုးပမ်းနေသည့် ပါလက်စတိုင်း အာဏာပိုင်များကိုလည်း အပြည့်အဝ ကူညီထောက်ပံ့သွားမည်ဟု ဘိုင်ဒန်က ကတိကဝတ် ပြုထားကြောင်း အိမ်ဖြူတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သော သီတင်းပတ်အတွင်း ဂါဇာနှင့် အစ္စရေးကို ပိုင်းခြားထားသည့် အတားအဆီးများကို ဖြတ်ကျော်ကာ ဟားမားစ်တို့ ဝင်ရောက်တိုက်ခိုက်ခဲ့မှုကြောင့် လူပေါင်း ၁၃၀၀ ကျော်သေဆုံးခဲ့သည်။  အစ္စရေးတို့၏ လက်တုံ့ပြန် တိုက်ခိုက်မှုများကြောင့် ဂါဇာဘက်တွင်လည်း သေဆုံးသူ ၂၂၀၀ ထက်မနည်း ရှိနေပြီဖြစ်ကာ အများစုမှာ အရပ်သားများဖြစ်ကြောင်း ဂါဇာကျန်းမာရေးအရာရှိများ၏ ပြောကြားချက်များအရ သိရသည်။

ဗီဒီယိုများ