- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
မြန်မာသို့ လက်နက်မရောက်အောင် တားဆီးကြရန် အဖွဲ့ဝင်နိုင်ငံများအား ကုလ တောင်းဆို
ဇွန်လ ၁၈ ရက်နေ့တွင် ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေညီလာခံက ၎င်း၏ အဖွဲ့ဝင်နိုင်ငံများအား မြန်မာနိုင်ငံသို့ လက်နက်မရောက်အောင် တားဆီးကြရန် တောင်းဆိုလိုက်သည်။
20 Jun 2021

DMG ၊ ဇွန် ၂၀
ဇွန်လ ၁၈ ရက်နေ့တွင် ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေညီလာခံက ၎င်း၏ အဖွဲ့ဝင်နိုင်ငံများအား မြန်မာနိုင်ငံသို့ လက်နက်မရောက်အောင် တားဆီးကြရန် တောင်းဆိုလိုက်သည်။
မြန်မာ့အာဏာသိမ်းမှုအား ရှုတ်ချသည့် ဆုံးဖြတ်ချက်တစ်ရပ်နှင့်အတူ ယခုကဲ့သို့ ပူးတွဲ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
ကုလ၏ ဆုံးဖြတ်ချက်တွင် “မြန်မာစစ်တပ်အနေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေသူများအား အကြမ်းဖက်မှုအားလုံး ရပ်တန့်ရန်”၊ မြန်မာနိုင်ငံ၌ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရန်နှင့် ဖမ်းဆီးခံ အရပ်ဘက်ခေါင်းဆောင်များအား ပြန်လွှတ်ပေးရန်တို့ကိုပါ ထည့်သွင်းတောင်းဆိုထားသည်။
ယခုဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၁၁၉ မဲ၊ ကန့်ကွက်မဲ ၁ မဲ၊ တရုတ်အပါအဝင် အခြားနိုင်ငံများ၏ ကြားနေမဲ ၃၆ မဲဖြင့် အတည်ပြုခဲ့ခြင်း ဖြစ်သည်။
ထောက်ခံသည့်နိုင်ငံများတွင် အာဆီယံအဖွဲ့ဝင် အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူ၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့ ပါဝင်သလို ကြားနေ ၃၆ နိုင်ငံတွင် တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ရုရှားတို့ ပါဝင်သည်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း ထောက်ခံမဲပေးခဲ့သည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မြန်မာ့အရေးအတွက် အလွတ်သဘောဆွေးနွေးမှုများ ပြုလုပ်သည့် တစ်နေ့တည်း၌ ဤဆုံးဖြတ်ချက် ထွက်ရှိလာခြင်း ဖြစ်သည်။
“အာဏာသိမ်းမှုတွေ အစဉ်အလာလို ဖြစ်လာနေတဲ့ ကမ္ဘာကြီးမှာ ကျွန်တော်တို့ မနေနိုင်ပါဘူး။ ဒီလုပ်ရပ်မျိုးက လုံးဝ လက်ခံနိုင်ဖွယ်ရာ မရှိဘူး” ဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က သောကြာနေ့ အစောပိုင်းတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။
ကနဦး ကုလဆုံးဖြတ်ချက် မူကြမ်းတွင် မြန်မာနိုင်ငံသို့ လက်နက်ရောင်းချမှ တားမြစ်ပိတ်ပင်ရန် ပြင်းပြင်းထန်ထန် တောင်းဆိုချက် ပါဝင်ကြောင်း ပြီးခဲ့သည့်လက ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အဆိုပါ အသုံးအနှုန်းကို ဖယ်ရှားပေးရန် အာဆီယံနိုင်ငံများက လိုလားခဲ့သည်ဟု ထိုသတင်းက ဆိုသည်။
ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်များအား အဖွဲ့ဝင်နိုင်ငံများသည် မဖြစ်မနေ လိုက်နာရန် မလိုအပ်ပေ။ ထို့ပြင် လုံခြုံရေးကောင်စီတွင် ဗီတိုအာဏာ သုံးခွင့်ရှိသော်လည်း အထွေထွေညီလာခံတွင်မူ အဖွဲ့ဝင်နိုင်ငံများသည် ဗီတိုအာဏာ သုံးခွင့်မရှိပေ။