- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
အမျိုးသမီး အသေခံဗုံးခွဲမှုကြောင့် ပါကစ္စတန်ရှိ တရုတ်သင်တန်းကျောင်းအနီးတွင် လေးဦးသေဆုံး
ပါကစ္စတန်နိုင်ငံ ကရာချိတက္ကသိုလ်ရှိ ကွန်ဖျူးရှပ်သင်ကြားရေးကျောင်းအနီးတွင် ဧပြီလ ၂၆ ရက်နေ့က အမျိုးသမီးတစ်ဦး အသေခံဗုံးခွဲခဲ့သည့်အတွက် လေးဦးသေဆုံးခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
27 Apr 2022

DMG ၊ ဧပြီ ၂၇
ပါကစ္စတန်နိုင်ငံ ကရာချိတက္ကသိုလ်ရှိ ကွန်ဖျူးရှပ်သင်ကြားရေးကျောင်းအနီးတွင် ဧပြီလ ၂၆ ရက်နေ့က အမျိုးသမီးတစ်ဦး အသေခံဗုံးခွဲခဲ့သည့်အတွက် လေးဦးသေဆုံးခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ကွန်ဖျူးရှပ်သင်ကြားရေးကျောင်းဝန်ထမ်းများ စီးနင်းလာသည့် ဘတ်စ်ကားအနီး၌ အသေခံဗုံးခွဲခဲ့ခြင်း ဖြစ်ကာ သေဆုံးသူများအနက် သုံးဦးမှာ တရုတ်နိုင်ငံသားများဖြစ်သည်။
ယခုတိုက်ခိုက်မှုကို မိမိတို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပါကစ္စတန်ရှိ ခွဲထွက်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ဘာလော့လွတ်မြောက်ရေးတပ်က ကြေညာခဲ့သည်။ အဆိုပါအသေခံဗုံးခွဲမှုကို ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးတိုက်ခိုက်ရေးသမားတစ်ဦးက ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟုလည်း အဖွဲ့က ကြေညာသည်။
ဒေသခံ သတင်းဌာနများက ဖော်ပြကြသည့် ဗီဒီယိုဖိုင်တစ်ခု၌ ပေါက်ကွဲသွားသည့် ဘတ်စ်ကားသည် ကွန်ဖျူးရှပ်သင်ကြားရေးကျောင်းအနီးရှိ အပေါက်ဝတွင် ရပ်နားချိန်၌ အမျိုးသမီးတစ်ဦးသည် အနီး၌ ရပ်နေသည်ကို တွေ့ရသည်။ ၎င်း၏အနီးသို့ အဆိုပါကား ရောက်ရှိချိန်တွင် ကားကိုကျောခိုင်းပြီးနောက် သူမ၏ကိုယ်ပေါ်၌ တပ်ဆင်လာသည့်ဗုံးကို ဖောက်ခွဲခဲ့သည်။
တရုတ်သည် ၎င်း၏ ရပ်ဝန်းနှင့်လမ်း စီမံကိန်း၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါကစ္စတန်နိုင်ငံ ဘာလော့ချီစတန်ခရိုင်တွင် စီမံကိန်းများ အကြီးအကျယ် အကောင်အထည်ဖော်လျက်ရှိပြီး အဆိုပါဒေသရှိ ခွဲထွက်ရေးသမားများသည် တရုတ်စီမံကိန်းများအား ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိသည်။
အဆိုပါဒေသများ၌ သတ္တုနှင့် စွမ်းအင်တူးဖော်ရေး လုပ်ငန်းများ အကြီးအကျယ် ဆောင်ရွက်နေကြသည်ကို ဒေသခံခွဲထွက်ရေးသမားများသည် မကျေနပ်ကြပေ။ လုပ်ငန်းများ၏ အကျိုးအမြတ်ကို ဒေသခံများ မခံစားကြရသလို ၎င်းတို့ပိုင် လယ်မြေများမှ ပထုတ်ခြင်း ခံနေရသည်ဟုလည်း ခွဲထွက်ရေးအဖွဲ့များက ပြောကြားမှုများ ရှိသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း ဘာလော့ခွဲထွက်ရေးအဖွဲ့သည် အဆိုပါဒေသရှိ နေရာနှစ်ခုတွင် လေးရက်ကြာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် ပါကစ္စတန်စစ်သား ကိုးဦး သေဆုံးခဲ့သည်။