အင်အားကြီးနိုင်ငံတွေက ဘက်တစ်ဖက်ကိုရွေးချယ်ခိုင်းတဲ့အခါ. . .
ပြီးခဲ့တဲ့သောကြာက ဖနွမ်းပင်မှာစတင်ကျင်းပခဲ့တဲ့ အာဆီယံဒေသတွင်း ထိပ်သီးအစည်းအဝေးတွေ အနက်က အရှေ့တောင်အာရှခေါင်းဆောင်းတွေရဲ့ အစည်းအဝေးမှာ ဒေသတွင်းတည်ငြိမ်ရေးနဲ့ အားကောင်းလာတဲ့ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့စီစဉ်ထားပြီး ကျိုးကြေနေတဲ့ ကမ္ဘာ့နိုင်ငံရေးကို ထင်ဟပ်စေလိမ့်မယ်လို့ ပညာရှင်တွေက ပြောပါတယ်။
13 Nov 2022
ဓာတ်ပုံ - CNN
DMG | နိုဝင်ဘာ ၁၃
လာမယ့်သီတင်းပတ်တွေအတွင်း အရှေ့တောင်အာရှမှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပမယ့် နိုင်ငံတကာထိပ်သီး အစည်းအဝေးတွေကို တက်ရောက်ဖို့အတွက် ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင်တွေ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တော်မှာ အခုသီတင်းပတ်ကုန်အတွင်း တွေ့ဆုံကြပါလိမ့်မယ်။ အခုတော့လည်း အရှေ့တောင်အာရှဒေသဟာ အင်အားကြီးနိုင်ငံတွေနဲ့ ပဋိပက္ခခြိမ်းခြောက်မှုတွေရဲ့ကြားက ကွဲလွဲမှုတွေကို ဆွေးနွေးပြောဆိုကြမယ့် နေရာတစ်ခု ဖြစ်လာခဲ့ပါပြီ။
အင်ဒို-ပစိဖိတ်ဒေသခေါင်းဆောင်တွေဟာ အာဆီယံထိပ်သီးအစည်းအဝေးမှာ အာဆီယံခေါင်းဆောင်တွေနဲ့ ဖနွမ်း ပင်မြို့တော်မှာ ပထမဆုံးအကြိမ်တွေ့ဆုံမှာဖြစ်ပြီး နောက်တစ်ပတ်မှာတော့ ဘာလီမြို့မှာ G-20 အဖွဲ့ခေါင်းဆောင် တွေရဲ့ အစည်းအဝေးအပြင် ဘန်ကောက်မှာ အာရှ-ပစိဖိတ်စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို ကျင်းပကြပါလိမ့်မယ်။
အုံနဲ့ကျင်းနဲ့တွေ့ဆုံကြမယ့် ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင်တွေက ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု၊ ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဖောင်းပွမှု၊ ရုရှားရဲ့ ယူကရိန်းကျူးကျော်မှုကြောင့် စားနပ်ရိက္ခာကုန်စည်ဈေးနှုန်း မြင့်တက်မှု၊ ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါကနေ စီးပွားရေးပြန်လည်ထူထောင်မှု စတဲ့ပြဿနာတွေကို ညှိနှိုင်းဖြေရှင်းရေးက နိုင်ငံတကာအတွက် စမ်းသပ်မှုတစ်ခုဖြစ်လာပါတယ်။ ၂၀၂၀ ခုနှစ်ကစပြီး သုံးကြိမ်တိုင်တိုင် ကျင်းပခဲ့ပေမယ့် အခု တစ်ကြိမ်သာ လူကိုယ်တိုင် တက်ရောက်နိုင်ခဲ့ကြပါတယ်။
ယူကရိန်းစစ်ပွဲက ရုရှားနဲ့ အနောက်နိုင်ငံတွေရဲ့ ဆက်ဆံရေးကို သိသိသာသာ ပြောင်းလဲလာစေခဲ့ပါတယ်။ ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံတွေဖြစ်ကြတဲ့ အမေရိကန်နဲ့တရုတ်နိုင်ငံ တို့ကတော့ ပြင်းထန်တဲ့ပြိုင်ဆိုင်မှုသံသရာထဲ ပိတ်လှောင်ခံနေတုန်းပါပဲ။ ဒါကြောင့်လည်း ဘက်တစ်ဖက် ရွေးချယ်နေထိုင်ဖို့ ကမ္ဘာ့နိုင်ငံတွေ ဖိအားပေးခံနေပါတယ်။
ကျန်နေသေးတဲ့ သံတမန်ဆက်ဆံရေးရက်စွဲတွေ ထပ်တိုးဖို့ မသေမချာဖြစ်နေချိန်မှာ ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်က ဘာလီမှာကျင်းပမယ့် G-20 အဖွဲ့ ထိပ်သီးအစည်းအဝေး တက်မှာမဟုတ်ဘူးလို့ သိရပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တရုတ်ခေါင်းဆေင် ရှီကျင့်ဖျင်တို့ကတော့ ကာလကြာရှည် ဩဇာလွှမ်းမိုးမှုကင်းမဲ့နေတဲ့ အရှေ့တောင်အာရှမှာ ဩဇာပြန်လွှမ်းမိုးနိုင်ဖို့အတွက် ထိပ်သီးအစည်းအဝေးနှစ်ခုကို တက်ရောက်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
စည်းမျဉ်းစည်းကမ်းတွေ ချိုးဖောက်ပြီး တတိယအကြိမ် နိုင်ငံတော်အာဏာ ပြန်လည်ရယူပြီးတဲ့နောက် ကပ်ရောဂါ ကာလအတွင်း ခရီးမသွားခဲ့တဲ့ သမ္မတ ရှီကျင့်ဖျင်လည်း ကမ္ဘာ့ဇာတ်ခုံပေါ် ပြန်ပေါ်လာပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကလည်း ကြားဖြတ်ရွေးကောက်ပွဲတွေမှာ မျှော်လင့်ထားတာထက် သူ့ပါတီအနေနဲ့ ပိုအောင်မြင်နိုင်ဖို့ အတွက် ဦးတည်နေခဲ့ပါတယ်။ သမ္မတနှစ်ယောက်လုံးက သူတို့နိုင်ငံကသာ အခြားနိုင်ငံတွေထက် ပိုပြီးခိုင်မာတဲ့ မိတ်ဘက်နိုင်ငံဖြစ်သလို တာဝန်ယူမှုရှိတဲ့ ကမ္ဘာလုံးဆိုင်ရာ တက်ကြွလှုပ်ရှားသူအဖြစ် ဖော်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။
လာမယ့်တနင်္လာနေ့မှာတော့ သူတို့နှစ်ယောက် မျက်နှာချင်းဆိုင်တွေ့ကြလိမ့်မယ်လို့ အိမ်ဖြူတော်က ကြာသပတေး နေ့မှာ ပြောကြားခဲ့ပါတယ်။ G-20 ရဲ့ပြင်ပမှာတွေ့ဆုံမယ့် သူတို့နှစ်ယောက်တွေ့ဆုံမှုက ဘိုင်ဒန်ရွေးကောက်ပွဲပြီးတဲ့ နောက်ပိုင်း ပထမဆုံးအကြိမ် တွေ့ဆုံမှုလည်းဖြစ်ပါတယ်။ G-20 နဲ့ APEC ထိပ်သီးအစည်းအဝေးတွေကို ရှီ သွားရောက်မှာဖြစ်ကြောင်း ဘေကျင်းက သောကြာနေ့မှာ အတည်ပြုပြောကြားခဲ့ပြီး ဘိုင်ဒန်အပါအဝင် အခြားခေါင်းဆောင်များစွာနဲ့ တွေ့ဆုံမယ်လို့ ပြောပါတယ်။
နှစ်နိုင်ငံကြားဆွေးနွေးမှုတွေက အင်အားကြီးနိုင်ငံတွေကြား မြင့်တက်လာတဲ့ တင်းမာမှုတွေကိုရှောင်ရှားဖို့ အထောက်အကူ ပေးနိုင်ပါတယ်။ ဒါပေမယ့်လည်း လာမယ့်ရက်တွေမှာကျင်းပမယ့် ထိပ်သီးအစည်းအဝေးတွေမှာ ခေါင်းဆောင်တွေတွေ့ဆုံမှုက ကမ္ဘာလုံးဆိုင်ရာ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ခိုင်မာတဲ့သဘောတူညီချက်တွေရဖို့က စိန်ခေါ်မှုတစ်ရပ် ဖြစ်လာပါလိမ့်မယ်။
ပိုင်းခြားထားသောကမ္ဘာကြီး
ပြီးခဲ့တဲ့သောကြာက ဖနွမ်းပင်မှာစတင်ကျင်းပခဲ့တဲ့ အာဆီယံဒေသတွင်း ထိပ်သီးအစည်းအဝေးတွေ အနက်က အရှေ့တောင်အာရှခေါင်းဆောင်းတွေရဲ့ အစည်းအဝေးမှာ ဒေသတွင်းတည်ငြိမ်ရေးနဲ့ အားကောင်းလာတဲ့ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့စီစဉ်ထားပြီး ကျိုးကြေနေတဲ့ ကမ္ဘာ့နိုင်ငံရေးကို ထင်ဟပ်စေလိမ့်မယ်လို့ ပညာရှင်တွေက ပြောပါတယ်။
ဒါပေမယ့် ယူကရိန်းစစ်ပွဲကြောင့် ပြိုပျက်သွားမယ့်အရေး ပိုအာရုံစိုက်တဲ့ တခြားအစည်းအဝေးတွေနဲ့ မတူဘဲ အာဆီယံခေါင်းဆောင်တွေဟာ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကို ဖြုတ်ချပြီး ရက်စက်ကြမ်းတမ်းတဲ့နည်းလမ်းနဲ့ အာဏာသိမ်းယူတဲ့ စစ်တပ်လက်အောက်မှာ နှစ်နှစ်နီးပါးကြာလာတဲ့အထိ မငြိမ်မသက် ဖြစ်နေတဲ့ မြန်မာနိုင်ငံအရေးလို အဖွဲ့ဝင်နိုင်ငံတွေအတွင်း ပျံ့နှံ့နေတဲ့ ပဋိပက္ခတွေကိုဖြေရှင်းဖို့ အစည်းအဝေးထဲ ဝင်ရောက်ခဲ့ကြပါတယ်။ ဒေသတွင်းပဋိပက္ခတွေကြောင့် အာဆီယံအပေါ် နိုင်ငံတကာဖိအားတွေ ကျရောက်နေပါတယ်။
ပဋိပက္ခကိုင်တွယ်ဖြေရှင်းပုံနဲ့ ပတ်သက်ပြီး အရှေ့တောင်အာရှနိုင်ငံတွေကြား သဘောထားကွဲလွဲနေကြပါတယ်။ အဖွဲ့အနေနဲ့ ဘယ်ရွေ့ဘယ်မျှ သဘောတူနိုင်သလဲ၊ ထိပ်သီးအစည်းအဝေး ကာလတစ်လျှောက် ဘာတွေပြီးမြောက်နိုင်မလဲ စတဲ့အချက်တွေအကုန်လုံးက အကျိုးသက်ရောက်မှု ရှိလာလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
“ဖနွမ်းပင်၊ ဘာလီနဲ့ ဘန်ကောက်မှာကျင်းပမယ့် အရှေ့တောင်အာရှရဲ့ ကမ္ဘာ့ထိပ်သီးအစည်းအဝေးကြီး ၃ ခုရှိပါ တယ်။ ပုံမှန်ဆိုရင်တော့ ဒီအစည်းအဝေးရာသီက အရမ်းစိတ်လှုပ်ရှားဖို့ကောင်းပါတယ်” လို့ ဘန်ကောက် ချူလာလောင်ကွန်တက္ကသိုလ် နိုင်ငံရေးသိပ္ပံကလုံခြုံရေးနဲ့ နိုင်ငံတကာလေ့လာရေးဌာနရဲ့ ဒါရိုက်တာ Thitinan Pongsudhirak က ပြောပါတယ်။
“ဒါပေမယ့် ရုရှားကျူးကျော်မှု၊ မြန်မာစစ်တပ်အာဏာသိမ်းမှု၊ တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ ရန်စတိုက်ခိုက်မှုစတာတွေက အာဆီယံကို အုပ်စုကွဲစေခဲ့ပါတယ်။ ဒါက အာဆီယံအတွက် အခြေအနေမကောင်းဘူးလို့ ဆိုလိုပါတယ်” လို့ သူကပြောပါတယ်။
ပြီးခဲ့တဲ့လ ကုလသမဂ္ဂမဲပေးပွဲမှာ အာဆီယံ ၁၀ ထဲက အာဏာသိမ်းထားတဲ့ စစ်တပ်ရဲ့ ကိုယ်စားလှယ်မဟုတ်တဲ့ မြန်မာကိုယ်စားလှယ်အပါအဝင် ၇ နိုင်ငံက ယူကရိန်းဒေသလေးခုကို ရုရှားသိမ်းယူခဲ့တာနဲ့ ပတ်သက်ပြီး ရှုတ်ချခဲ့ချိန်မှာ ထိုင်း၊ ဗီယက်နမ်နဲ့ လာအိုတို့ကတော့ ကြားနေခဲ့ပါတယ်။
ဒါပေမယ့်လည်း ပြီးခဲ့တဲ့သီတင်းပတ်မှာ ကျင်းပခဲ့တဲ့အခမ်းအနားတွေမှာ အာဆီယံအဖွဲ့အနေနဲ့ ကိယက်ဗ်နဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ ခြေတစ်လှမ်း လှမ်းခဲ့ပြီး ကြာသပတေးနေ့မှာတော့ ဖနွမ်းပင်မှာ ယူကရိန်းနိုင်ငံခြားရေး ဝန်ကြီး ဒီမီထရိုကူလီဘာနဲ့ ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
အာဆီယံအနေနဲ့ ပိုပြီးကြီးမားတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကို ဆွေးနွေးရေးစားပွဲဝိုင်းဆီ ခေါ်လာဖို့ သဘောတူညီထားကြပါတယ်။ ဥပမာ ရုရှား၊ တရုတ်နဲ့ အမေရိကန်အပါအဝင် အင်ဒို-ပစိဖိတ်ဒေသတွင်း ၁၈ နိုင်ငံစုပေါင်းပြီး ဖနွမ်းပင်အစည်းအဝေးအပြီး သီတင်းပတ်အကုန် အရှေ့အာရှ ထိပ်သီးအစည်းအဝေးမှာ တွေ့ဆုံဖို့ရှိပါတယ်။
“တကယ်လို့များ အာဆီယံအနေနဲ့ မြန်မာစစ်တပ်လို ဆိုးသွမ်းတဲ့အဖွဲ့ဝင်နိုင်ငံကို ထိန်းမထားနိုင်ခဲ့ရင်၊ ကိုယ့်အိမ်ကိုယ် စနစ်တကျမထိန်းနိုင်ခဲ့ရင် သူနဲ့ဆက်စပ်မှုတွေကို အာဆီယံက ဆုံးရှုံးရပါလိမ့်မယ်” လို့ Pongsudhirak ကပြောပါတယ်။
“တခြားဘက်မှာတော့ အာဆီယံသာ စည်းလုံးညီညွတ်ခဲ့မယ်၊ ကတိကဝတ်တွေကို စုစည်းပြီးဖြေရှင်းနိုင်ခဲ့မယ် ဆိုရင် ဆွဲငင်အားအများကြီး ရှိလာပါလိမ့်မယ်” လို့လည်း သူကဆိုပါတယ်။
အရှေ့တောင်အာရှပဋိပက္ခနဲ့ ပြိုင်ဆိုင်မှုများ
စစ်တပ်ကအာဏာသိမ်းပြီး ၂ နှစ်နီးပါးအကြာမှာတော့ မြန်မာနိုင်ငံရဲ့ နုနယ်တဲ့ဒီမိုကရေစီစနစ်က ချေမှုန်းဖျက်ဆီး ခံလိုက်ရပါတယ်။ နိုင်ငံတွင်းလွတ်လပ်မှုနဲ့ အခွင့်အရေး အခြေအနေတွေ သိသိသာသာ ယိုယွင်းလာတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ လေ့လာသူတွေက ပြောပါတယ်။ စစ်တပ်က သေဒဏ်ပေးကွပ်မျက်တာတွေ ပြန်လုပ်လာခဲ့ပြီး စာသင်ကျောင်းအပါအဝင် အရပ်သားတွေရဲ့ အခြေခံအဆောက်အအုံတွေကို စစ်တပ်ရဲ့အကြမ်းဖက်တိုက်ခိုက်မှု အရေအတွက် တိုးမြှင့်လာပါတယ်။
လက်နက်ကိုင်အဖွဲ့ပေါင်းစုံရဲ့ အာဏာရှင်စစ်တပ်ကို ဆန့်ကျင်တဲ့ဆန့်ကျင်ရေးတွေ ပေါ်ပေါက်လာခဲ့ပြီး သန်းနဲ့ချီတဲ့ ပြည်သူတွေရဲ့ စစ်အုပ်ချုပ်ရေးကို အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေနဲ့ ဆန့်ကျင်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့နှစ်ဧပြီမှာ မြန်မာစစ်တပ်နဲ့ဆွေးနွေးခဲ့တဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်တာမျိုး မရှိခဲ့ပါဘူး။ အရှေ့တောင်အာရှ ခေါင်းဆောင်တွေကလည်း ဖြေရှင်းဖို့နည်းလမ်း ရှာဖွေနေတဲ့အတွက် ဖနွမ်းပင်မှာကျင်းပခဲ့တဲ့ ထိပ်သီးအစည်းအဝေးမှာ မြန်မာပဋိပက္ခအပေါ် နိုင်ငံတကာက အာရုံပိုစိုက်လာကြဖို့ ဆောင်ရွက်ခဲ့ပါတယ်။ မြန်မာနိုင်ငံကို အဖွဲ့ဝင်အဖြစ်က ဖယ်ရှားဖို့ လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုနေကြပေမယ့်လည်း မထုတ်ပယ်ကြသေးပါဘူး။ ဒါပေမယ့် အဓိကကျတဲ့ အခမ်းအနားတွေကို နိုင်ငံရေးအဆင့် ကိုယ်စားလှယ်တွေ စေ လွှတ်တာမျိုးမလုပ်ဖို့ ပိတ်ပင်ခံထားပါတယ်။
မဟာဗျူဟာတစ်ရပ်ကို ဖျက်သိမ်းဖို့ နောက်ဆုံးကြိုးပမ်းမှုအနေနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ပြီးခဲ့တဲ့လ နှောင်းပိုင်းလောက်က အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပြီးနောက် အစည်းအဝေးသဘာပတိအဖြစ် ဆောင်ရွက်ခဲ့တဲ့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရတ်ဆိုခွန်က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကြေညာချက်ထဲမှာတော့ စိန်ခေါ်မှုတွေက ဆယ်စုနှစ်များစွာ ကြာခဲ့ပြီဖြစ်တဲ့ မြန်မာနိုင်ငံပဋိပက္ခတွေရဲ့ ရှုပ်ထွေးမှုနဲ့ခက်ခဲမှုတွေ အပေါ်ကို အကျိုးသက်ရောက်ခဲ့ပြီး လက်ရှိနိုင်ငံရေး အခြေအနေတွေကြောင့် ပိုပြီးဆိုးရွားလာခဲ့တယ်လို့ အလေးပေး ဖော်ပြထားပါတယ်။
ဒါပေမယ့်လည်း လေ့လာသူတွေအနေနဲ့ကတော့ ကမ္ဘောဒီးယားက အာဆီယံဥက္ကဋ္ဌတာဝန် ထမ်းဆောင်ချိန်မှာ မျှော်လင့်ချက်နည်းနည်းပဲ ထားခဲ့ပါတယ်။ အင်ဒိုနီးရှားဥက္ကဋ္ဌဖြစ်လာမယ့် ၂၀၂၃ ကိုသာ မျှော်နေကြပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ အကျပ်အတည်းကို ဆွေးနွေးတာက အာဆီယံခေါင်းဆောင်တွေနဲ့အတူ ဘိုင်ဒန် တက်ရောက်မယ့် အစည်းအဝေးမှာ ဘိုင်ဒန်အတွက် အာရုံစူးစိုက်မှု ဖြစ်လာပါလိမ့်မယ်။ အာဏာသိမ်းချိန်ကစပြီး ဘိုင်ဒန်အစိုးရက မြန်မာစစ်အုပ်စုအပေါ် အရေးယူပိတ်ဆို့မှုတွေ ဆောင်ရွက်ခဲ့သလို အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့ပါတယ်။
နောက်တစ်ဘက်မှာတော့ မြန်မာစစ်အုပ်စုအပေါ် တရုတ်နိုင်ငံက ထောက်ခံမှုတွေပြထားတဲ့အတွက် တင်းမာတဲ့ အရေးယူမှုတွေ မလုပ်နိုင်ဘူးလို့ လေ့လာသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့လက ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတကာဥပဒေပြု အဖွဲ့တစ်ဖွဲ့ရဲ့ အစီရင်ခံစာမှာတော့ တရုတ်နဲ့ရုရှားက အထီးကျန်မြန်မာစစ်အုပ်စုကို လက်နက်နဲ့တရားဝင်မှု နှစ်မျိုးလုံး ထောက်ပံ့ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
ဒါတွေက အစည်းအဝေးရလဒ်တွေအပေါ် အကျိုးသက်ရောက်နိုင်ပါတယ်လို့ စင်ကာပူတက္ကသိုလ်က လက်ထောက်ပါမောက္ခ နိုင်ငံရေးသိပ္ပံပညာရှင် Chong Ja Ian ကပြောပါတယ်။
မြန်မာနိုင်ငံအကျပ်အတည်းက တရုတ်နဲ့အမေရိကန် သဘောကွဲလွဲနိုင်မယ့် အချက်တစ်ချက်တည်း မဟုတ်ပါဘူး။ တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ရန်လိုမှုကြောင့် အရှေ့တောင်အာရှနိုင်ငံတွေနဲ့လည်း ပဋိပက္ခတွေဖြစ်နေပါတယ်။
အာဆီယံက အမေရိကန်၊ တရုတ်နဲ့ တခြားနိုင်ငံတွေက ကိုယ်စားလှယ်အသီးသီးနဲ့ ထိပ်သီးအစည်းအဝေးတွေ ကျင်းပပါလိမ့်မယ်။ အဲဒီအစည်းအဝေးတွေတက်ဖို့ စီးပွားရေးကိုအာရုံစိုက်တဲ့ တရုတ်နိုင်ငံရဲ့ နံပတ်နှစ်ခေါင်း ဆောင်ဝန်ကြီးချုပ် Li Keqiang လည်း သမ္မတ ရှီရဲ့ ကိုယ်စားလှယ်အဖြစ် ရောက်ရှိနေပါတယ်။
အရှေ့တောင်အာရှ ခေါင်းဆောင်တွေအနေနဲ့ သူတို့ရဲ့စီးပွားရေးတည်ငြိမ်မှုကို မြှင့်တင်ဖို့ ကြိုးပမ်းနေချိန်မှာ ဒေသတွင်းမှာ တရုတ်နဲ့အမေရိကန် ပြိုင်ဆိုင်မှုရဲ့ အကျိုးသက်ရောက်မှု၊ ကုန်သွယ်ရေးနဲ့ ထောက်ပံ့ရေးကွင်းဆက် စတာတွေနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ မြင့်တက်လာနေပါတယ်။ ဥပမာ - တရုတ်နိုင်ငံကို လျှပ်ကူးပစ္စည်းတင်ပို့မှု အမေရိကန်က ပိတ်ဆို့လိုက်တာမျိုးတွေပါလို့ Chong ရဲ့မှတ်ချက်အရ သိရပါတယ်။
“အာဆီယံနိုင်ငံတွေအနေနဲ့ ဒါတွေအားလုံးကို ရှောင်ရှားနိုင်ဖို့နည်းလမ်းရှာပြီး ဘေကျင်းနဲ့ဝါရှင်တန်ကြားကနေ လွတ်လမ်းကိုရှာဖွေနိုင်ပါလိမ့်မယ်” လို့ Chong Ja Ian ကဆိုပါတယ်။
ကြည်ဖြူစံ
“CNN” တွင်ဖော်ပြထားသော ဆောင်းပါးရှင် “Simone McCarthy” ၏ “As major power meet in Asia, the rest of the world is pressed to pick a side” ကိုဆီလျော်အောင်ရေးသားပါသည်။