‘ပြဿနာက မြန်မာပြည်ထဲမှာ ရှိနေတာဆိုတော့ အဖြေရှာရေးကလည်း သူတို့ရဲ့ တာဝန်ပဲဖြစ်နေပါတယ်’

ရိုဟင်ဂျာအကျပ်အတည်းနှင့် ပတ်သက်၍ Dhaka Tribune သတင်းဌာနမှ အာလီအာဆစ်ရှာဝန်က ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးနှင့် ပြန်လည်နေရာချထားရေး ကော်မရှင်နာ မိုဟာမက်မီဇာနာရာမန်ကို မေးမြန်းချက်များအား ဒါကာထရီဗျူးန်တွင် မတ်လ ၁၀ ရက်နေ့က ဖော်ပြထားသည်ကို ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။

By Admin 12 Mar 2023

‘ပြဿနာက မြန်မာပြည်ထဲမှာ ရှိနေတာဆိုတော့ အဖြေရှာရေးကလည်း သူတို့ရဲ့ တာဝန်ပဲဖြစ်နေပါတယ်’

ရိုဟင်ဂျာအကျပ်အတည်းနှင့် ပတ်သက်၍ Dhaka Tribune သတင်းဌာနမှ အာလီအာဆစ်ရှာဝန်က ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးနှင့် ပြန်လည်နေရာချထားရေး ကော်မရှင်နာ မိုဟာမက်မီဇာနာရာမန်ကို မေးမြန်းချက်များအား ဒါကာထရီဗျူးန်တွင် မတ်လ ၁၀ ရက်နေ့က ဖော်ပြထားသည်ကို ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။

(မှတ်ချက် - ဆောင်းပါးပါ အခေါ်အဝေါ်များသည် Dhaka Tribune တွင် မူရင်းဖော်ပြချက် 'The problem lies in Myanmar and the solution is also their responsibility' အသုံးအနှုန်းအတိုင်းဖြစ်ပြီး DMG ၏ အာဘော်မဟုတ်ကြောင်း အသိပေးအပ်ပါသည်။)

■ လတ်တလော ဒုက္ခသည်ထောက်ပံ့ရေး ရန်ပုံငွေတွေ ဖြတ်တောက်ခံရခြင်းကြောင့် ဘာတွေ သက်ရောက်မှုရှိမလဲ။

အခုဆိုရင် ရိုဟင်ဂျာတွေဟာ ကျွန်တော်တို့ရဲ့စျေးကွက်မှာ စျေးချိုတဲ့လုပ်အားခတွေနဲ့ အလုပ်လုပ်လာကြတော့မှာဆိုတော့ ကျွန်တော်တို့ ဘင်္ဂလားဒေ့ရှ် နေ့စားအလုပ်သမားတွေ အလုပ် ဆုံးရှုံးသွားလိမ့်မယ်။ ဒီအတွက် နောက်ဆက်တွဲ သက်ရောက်မှုအနေနဲ့ အိမ်ရှင်နဲ့ ဧည့်သည်အကြား ဆက်ဆံရေး သဟာဇာတဖြစ်အောင် ဆောင်ရွက်ချက်တွေ ကျဆင်းသွားလိမ့်မယ်။ လူမှုရေး တင်းမာမှုတွေ ပေါ်လာမယ်။

■ ရိုဟင်ဂျာတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ ဘာကြောင့် လျော့နည်းလာနေတာလဲ။

လူသားချင်းစာနာမှု အကူအညီတွေဆိုတာ အခြေခံအားဖြင့် ခံစားချက်အပေါ် မူတည်နေတာပါ။ ခံစားချက်ဆိုတာက အချိန်တစ်ခုကို ရောက်ရင် ပြောင်းလဲသွားတယ်။ ၂၀၁၇ ခုနှစ်မှာ ကုလသမဂ္ဂဟာ ရိုဟင်ဂျာအကျပ်အတည်းကို အကျပ်အတည်းအဆင့်-၃ အဖြစ် ကြေညာခဲ့တယ်။ ဒါဟာ အမြင့်ဆုံး အရေးပေါ်အခြေအနေ သတ်မှတ်ချက်ပဲ။ ဥပမာပြောရရင် ငလျင်လှုပ်သွားတဲ့ တူရကီဟာ ခုချိန်မှာ အဆင့်-၃ ဖြစ်နေတယ်။ ဒီတော့ ရိုဟင်ဂျာအကျပ်အတည်းဟာ အဆင့်-၂ ဖြစ်သွားတယ်။ အရေးပေါ် အကျပ်အတည်း မဟုတ်တော့ဘူး ဆိုတဲ့သဘောပဲ။ ခုချိန်မှာ တစ်ကမ္ဘာလုံးမှာ ဒုက္ခဆင်းရဲတွေ အများကြီးရောက်နေကြတယ်။ ဒါကြောင့် အလေးထားမှုကလည်း တစ်ခြားနေရာတွေဆီ ရောက်သွားတာ ဖြစ်ပါတယ်။

■ ရိုဟင်ဂျာတွေ ပြန်လည်နေရာချထားရေးနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာတိုးတက်မှု ရှိပါသလား။

ပြောပလောက်တဲ့ တိုးတက်မှု မရှိပါဘူး။ ဆွေးနွေးမှုတွေ၊ အစည်းအဝေးထိုင်တာတွေ ရှိနေပေမယ့် ရလဒ်မထွက်သေးပါဘူး။

■ ပြည်လည်နေရာချထားရေးအတွက် အခက်အခဲတွေက ဘာတွေလဲ။

ပြဿနာက မြန်မာပြည်ထဲမှာ ရှိနေတာဆိုတော့ အဖြေရှာရေးကလည်း သူတို့ရဲ့ တာဝန်ပဲဖြစ်နေပါတယ်။ ကျွန်တော်တို့ဟာ အပြစ်မဲ့ဓားစာခံတွေဖြစ်ပြီး မြန်မာပြည်ထဲက အခြေအနေကလည်း ပြန်လည်နေရာချထားဖို့အတွက် လက်ခံလောက်တဲ့ အနေအထားမျိုး ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။

■ ရိုဟင်ဂျာစခန်းတွေမှာ ကလေးမွေးဖွားနှုန်းက ဘယ်လိုရှိသလဲ၊ မွေးဖွားနှုန်းထိန်းချုပ်ရေးအတွက် ဘယ်လိုစည်းကမ်းတွေ ချမှတ်ထားပါသလဲ။

ရိုဟင်ဂျာစခန်းတွေမှာ ကလေးမွေးဖွားနှုန်းက ကျွန်တော်တို့ထက် ပိုများပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ မိသားစုစီမံကိန်းဌာန၊ UNFPA နဲ့ တခြား နိုင်ငံတကာ NGO တွေဟာ စခန်းတွေမှာ မွေးဖွားနှုန်း ထိန်းချုပ်ရေးကို ဆောင်ရွက်နေကြပါတယ်။ စခန်းတွေမှာ မိသားစုစီမံကိန်းကို လက်ခံကြတဲ့ နှုန်းထားဟာ ခုချိန်မှာ နှစ်ဆမြင့်တက်ပြီး ၆၀ ရာနှုန်းအထိ ရှိနေပါပြီ။ ရှေ့မှာတော့ ၃၀ ရာခိုင်နှုန်းအောက်ပဲ ရှိခဲ့တာပါ။ မွေးဖွားနှုန်းကတော့ မြင့်နေဆဲဖြစ်ပြီး နှစ်စဉ်မွေးဖွားတဲ့ ရိုဟင်ဂျာကလေးအရေအတွက်ဟာ ၃၀၀၀၀ ဝန်းကျင်ရှိပါတယ်။ ၂၀၂၂ မှာ မွေးတဲ့ ကလေးအရေအတွက်ကတော့ ၃၀၀၀၀ အောက် ရောက်ခဲ့ပါတယ်။

■ ရိုဟင်ဂျာစခန်းတွေမှာ တရားဥပဒေစိုးမိုးရေး အခြေအနေက ဘယ်လိုရှိပါသလဲ။

ပြီးခဲ့တဲ့ ငါးလ၊ခြောက်လအတွင်း စခန်းတွေမှာ အသတ်ခံရသူစုစုပေါင်း ၂၀ နီးပါးရှိိတယ်။ တရားဥပဒေစိုးမိုးရေးက ကျွန်တော်တို့ လိုချင်တဲ့ အနေအထားကို မရောက်ပါဘူး။ အရင်ကဆိုရင် တိုက်ခိုက်မှုတွေက ညဉ့်မှာဖြစ်ခဲ့ရာက အခုတော့ နေ့ခင်းကြောင်တောင် ဖြစ်နေကြပြီ။ အဓိကအကြောင်းရင်းတွေ ထဲကတစ်ခုကတော့ စိတ်ပျက်တာပေါ့။ နေရပ်ပြန်ဖို့ နှောင့်နှေးနေလို့ စိတ်ပျက်ဒေါသထွက်ရာကနေ ရိုဟင်ဂျာတွေဟာ လက်နက်ကိုင်အဖွဲ့တွေ၊ လူမှောင်ခိုကူးတဲ့ အဖွဲ့တွေလို ရာဇဝတ်လုပ်ရပ်တွေမှာ ပါဝင်ပတ်သက်လာကြတော့တာပဲ။ ဒီနေရာက နယ်စပ်ဒေသဖြစ်နေတော့ မူးယစ်မှောင်ခို ကူးတာကလည်း အဖြစ်များတယ်။ ရိုဟင်ဂျာလူငယ်တွေဟာ ဘယ်လိုရာဇဝတ် လုပ်ရပ်မျိုးမှာမဆို အလွယ်တကူ ပါဝင်ပတ်သက်သွားနိုင်တဲ့ အနေအထားမှာ ရှိနေတယ်။

■ စခန်းထဲမှာ လူမှောင်ခိုကူးမှု အခြေအနေတွေက ဘယ်လိုရှိပါသလဲ။

ရိုဟင်ဂျာအများစုက သူတို့ဟာ မြန်မာပြည်ကို ပြန်မရောက်တော့ဘူး၊ ဘင်္ဂလားဒေ့ရှ် အသိုင်းအဝိုင်းထဲမှာလည်း ဝင်မဆံ့တော့ဘူးဆိုရင် သူတို့ဘဝ ကောင်းစားရေးအတွက် နောက်တစ်နိုင်ငံဆီ ထွက်ပြေးမှ ဖြစ်တော့မယ်လို့ စဉ်းစားကြတယ်။ လူမှောင်ခိုကူးမှုက ဧရာမ ရာဇဝတ်ကွန်ရက်ကြီးပဲ။ ဖော်ထုတ်ဖို့ခက်တယ်။ ကျွန်တော်တို့အနေနဲ့ အဖွဲ့ဝင် လက်တစ်ဆုပ်စာလောက် ဖမ်းလို့ရမယ်၊ ဒါပေမဲ့ ခေါင်းဆောင်ပိုင်းတွေက အမြဲတမ်း အကောင်ကြီးတွေ။ သူတို့က နိုင်ငံတကာ ဂိုဏ်းတွေနဲ့ ချိတ်ဆက်နေကြတာ။

■ ဒီအကျပ်အတည်းအတွက် အဖြေကဘာလဲ။

ဒုက္ခသည်အကျပ်အတည်းကို ဖြေရှင်းဖို့က နေရပ်ပြန်ပို့တာ၊ အိမ်ရှင်အသိုင်းအဝိုင်းနဲ့ ရောနှောသွားတာ၊ တတိယနိုင်ငံတစ်ခုမှာ အခြေချတာ ဆိုပြီးတော့ နည်းလမ်းသုံးခုရှိတယ်။ နေရပ်ပြန်ပို့တာနဲ့ အိမ်ရှင်အသိုင်းအဝိုင်းနဲ့ ပူးပေါင်းတာကတော့ ဆန့်ကျင်ဘက် မူဝါဒတွေပေါ့လေ။ ပူးပေါင်းလိုက်ရင် နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်အပေါ် ရိုက်ခတ်မှု ရှိနိုင်တာကိုး။

■ ရိုဟင်ဂျာအကျပ်အတည်းဟာ လုံခြုံရေးရှုထောင့်က ကြည့်ရင် ဘယ်လိုသက်ရောက်မှု ရှိပါသလဲ။

(ဘင်္ဂလားဒေ့ရှ်) အစိုးရက ပိုကောင်းတဲ့ အစီအစဉ်တွေ အာမခံပေးနေသလို ဒီပြဿနာတွေကို ကိုင်တွယ်ဖို့အတွက် လုံခြုံရေးဝန်ထမ်း အရေအတွက်ကိုလည်း တိုးမြှင့်ချထားနေပါတယ်။ အခြေအနေတွေသာ တိုးတက်မလာဘူး ဆိုရင်တော့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်အတွက်သာမက ဒေသတစ်ခုလုံးအတွက် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာပါလိမ့်မယ်။ ဒါက လူသားချင်းစာနာမှု အကျပ်အတည်းတင် မဟုတ်ဘူး၊ နိုင်ငံရေးအကျပ်အတည်းလည်း ဖြစ်ပါတယ်။ ဒီအကျပ်အတည်းရဲ့နောက်ကွယ်မှာ နိုင်ငံရေးအရှုပ်အထွေးလည်း ရှိနေပါတယ်။ ဒါကြောင့်ပဲ သူတို့ဟာ ဒီဘင်္ဂလားဒေ့ရှ်မှာ အခုရှိနေကြတာပါ။

ဗီဒီယိုများ