- ပုဂံတွင် နိုင်ငံခြားခရီးသွားများကို ဝင်ကြေးတိုးမြှင့်ပြီး နေထိုင်ခွင့်ရက် လျော့ချမည်
- လောကာနန္ဒာ မီးပွိုင့်တွင် ယာဉ်တိုက်ခံရမှုဖြစ်စဉ် အမျိုးသမီးနှစ်ဦး ဒဏ်ရာပြင်းထန်
- တောင်သူများ လူမှုဘဝဖွံ့ဖြိုးရေးအတွက် သီးနှံအာမခံစနစ် ဖော်ဆောင်သွားမည်
- စစ်ရေးပဋိပက္ခကြောင့် စိုက်ပျိုးမှုရပ်နားခဲ့ရသည့် ရခိုင်က လယ်မြေအချို့တွင် ယခုနှစ် ပြန်လည်စိုက်ပျိုးလာနိုင်
- ခွင့်ပြုချက်မဲ့ ဘာသာရေးအဆောက်အအုံများ ဆောက်လုပ်ပါက အရေးယူမည်ဟု ပလက်ဝတွင် သတိပေးစာထုတ်
မြန်မာစစ်အစိုးရကို ရုရှားကူညီနေခြင်းက အရှေ့တောင်အာရှအတွက် တည်ငြိမ်မှုပျက်ပြားစေဟု အမေရိကန်ပြော
မြန်မာစစ်ခေါင်းဆောင်များအား ရုရှားက ကျောထောက်နောက်ခံ ပေးနေမှုသည် လက်ခံနိုင်စရာ မရှိကြောင်းနှင့် စစ်အုပ်စုကို လက်နက်ထောက်ပံ့နေခြင်းသည် ပဋိပက္ခကို မီးလောင်ရာလေပင့် ဖြစ်စေလျက်ရှိသည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရစ်ချောလက်က ပြောကြားလိုက်သည်။
24 Mar 2023
မြန်မာစစ်ခေါင်းဆောင်များအား ရုရှားက ကျောထောက်နောက်ခံ ပေးနေမှုသည် လက်ခံနိုင်စရာ မရှိကြောင်းနှင့် စစ်အုပ်စုကို လက်နက်ထောက်ပံ့နေခြင်းသည် နိုင်ငံအတွက် ကပ်ဘေးကြီးတစ်ရပ် ဖြစ်လာနေသည့် ပဋိပက္ခကို မီးလောင်ရာလေပင့် ဖြစ်စေလျက်ရှိသည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရစ်ချောလက်က ရိုက်တာသတင်းဌာနကို ပြောကြားလိုက်သည်။
“မော်စကိုကို ပြောဆိုဆက်သွယ်နေတဲ့ ဘယ်သူမဆို ပြောရမှာက စစ်အုပ်စုအတွက် သူတို့ရဲ့ စစ်ရေး အကူအညီတွေ ပေးနေမှုဟာ လက်ခံနိုင်ဖွယ်ရာ မရှိဘူး ဆိုတာပါပဲ။ ဒါက တည်ငြိမ်မှုကို ပျက်ပြားစေပါတယ်” ဟု အင်တာဗျူးတစ်ရပ်တွင် သူကပြောကြားသည်။
“ဒါက မြန်မာနိုင်ငံ တစ်ခုတည်းရဲ့ ပြဿနာမဟုတ်ပါဘူး။ ဒီဒေသတစ်ခုလုံးရဲ့ ပြဿနာတစ်ရပ် ဖြစ်ပါတယ်” ဟု သူကပြောကြားသည်။
အရှေ့တောင်အာရှသို့ ဒဲရစ်ချောလက် အလည်အပတ် ရောက်ရှိနေစဉ်အတွင်း ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း တည်းက ပိုမိုဆိုးရွားလာနေသည့် အကျပ်အတည်းကြီး၏ ကျယ်ပြန့်သည့် အကျိုးသက်ရောက်မှု၊ မြန်မာစစ်အုပ်စုနှင့် ရုရှားအကြား ဆက်ဆံရေး တိုးတက်လာမှုတို့အပေါ်တွင်လည်း အမေရိကန်အနေဖြင့် စိုးရိမ်နေကြောင်း ဒဲရစ်ချောလက်က ပြောကြားသည်။ ရုရှားသည် မြန်မာနိုင်ငံတွင် စစ်အခြေစိုက်စခန်းများ ထူထောင်ရန် ကြိုးပမ်းလာနိုင်သည်ဟုလည်း သူက ပြောသည်။
“ပြီးခဲ့တဲ့နှစ်တွေအတွင်း ကျွန်တော် မြင်ခဲ့ရတာက ပိုပိုကြီးထွားလာနေတဲ့ စစ်ဘက်ဆက်ဆံရေးပဲ ဖြစ်ပါတယ်” ဟု ချောလက်က ပြောသည်။
အနောက်နိုင်ငံများက ရုရှားနှင့် မြန်မာ နှစ်နိုင်ငံလုံးအပေါ် အရေးယူပိတ်ဆို့မှုများ ပြုလုပ်နေချိန်၌ ရုရှားသည် မြန်မာအတွက် အာဏာသိမ်းပြီးနောက်ပိုင်းတွင် အနီးကပ်ဆုံး မဟာမိတ် ဖြစ်လာခဲ့သည်။ ရုရှားကာကွယ်ရေးဝန်ကြီးနှင့် ထိပ်တန်းသံတမန်တို့သည် မြန်မာနိုင်ငံသို့ အလည်အပတ် လာရောက်ခဲ့သလို စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်လည်း ၂၀၂၁ နောက်ပိုင်းတွင် ရုရှားသို့ အခါခါ သွားရောက်ခဲ့ပြီး ရုရှားကပေးသည့် ဂုဏ်ထူးဆောင်ဘွဲ့လည်း ရရှိထားသည်။