လူမျိုး ရောနှောမှုမဖြစ်ပေါ်ရေး ကာကွယ်ရန် လိုအပ်လာနေကြောင်း ကမန်တိုင်းရင်းသားများပြော

ကမန်လူမျိုးတို့သည် ခေတ်အဆက်ဆက် သီးခြားယဉ်ကျေးမှုများဖြင့် ရခိုင်မျိုးနွယ်စုဝင်များနှင့်အတူ ယှဉ်တွဲနေထိုင်လာသော တိုင်းရင်းသားလူမျိုးတစ်မျိုးဖြစ်ပြီး လက်ရှိတွင် ကမန်နာမည်ကို အသုံးချ၍ နိုင်ငံရေးအရ အမြတ်ထုတ်ခံရမှုများ ရှိလာနေကြောင်း ကမန်တိုင်းရင်းသားများက ပြောဆိုကြသည်။

By Admin 05 Dec 2022

လူမျိုး ရောနှောမှုမဖြစ်ပေါ်ရေး ကာကွယ်ရန် လိုအပ်လာနေကြောင်း ကမန်တိုင်းရင်းသားများပြော

တာမွေမြို့ရှိ ကမန်သာရေးနာရေးအသင်း (စစ်တွေခရိုင်)ရုံးတွင် ယနေ့ပြုလုပ်သည့် ကမန်အမျိုးသားနေ့ကို တွေ့ရစဉ်။ Photo - ကိုအောင်ဝ

DMG | ဒီဇင်ဘာ ၅

ကမန်လူမျိုးတို့သည် ခေတ်အဆက်ဆက် သီးခြားယဉ်ကျေးမှုများဖြင့် ရခိုင်မျိုးနွယ်စုဝင်များနှင့်အတူ ယှဉ်တွဲနေထိုင်လာသော တိုင်းရင်းသားလူမျိုးတစ်မျိုးဖြစ်ပြီး လက်ရှိတွင် ကမန်နာမည်ကို အသုံးချ၍ နိုင်ငံရေးအရ အမြတ်ထုတ်ခံရမှုများ ရှိလာနေကြောင်း ကမန်တိုင်းရင်းသားများက ပြောဆိုကြသည်။

ရန်ကုန်ရောက် ကမန်လူမျိုးသာရေးနာရေးအသင်း အဖွဲ့ဝင် ကိုအောင်ဝင်းထွန်းက “ဘာလို့ဆိုရင် ရခိုင့်ဘုရင်ခေတ်တွေကတည်းက ဒီမြေ၊ ဒီနေရာမှာ သစ္စာရှိရှိနဲ့ ကမန်လူမျိုးဆိုပြီး ကိုယ့်ယဉ်ကျေးမှု သမိုင်းနဲ့ကိုယ် ရပ်တည်လာခဲ့ကြတာပါ။ ဒါကြောင့်မို့ ကျနော်တို့ကို လူမျိူးတွေနဲ့ရောနှောပြီး သံသယမဝင်ရအောင် ကမန်ဆိုတဲ့နာမည်ကို အသုံးချမခံရဖို့အတွက် လိုအပ်နေပါတယ်”ဟု ကိုအောင်ဝင်းထွန်းက ပြောသည်။

ကမန်အမျိုးသားနေ့ကို ယနေ့ ဒီဇင်ဘာလ(၅)ရက်နေ့ နံနက်ပိုင်း ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့ရှိ ကမန်တိုင်းရင်းသား သာရေးနာရေးအသင်း(စစ်တွေခရိုင်)ရုံးတွင် ကျင်းပခဲ့ပြီး ကမန်နိုင်ငံရေးပါတီဝင်များနှင့် အခြားကမန်အဖွဲ့အစည်းများမှ စုစုပေါင်းလူဦးရေ ၅၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

“ကျနော်တို့တွေကို အခြားတိုင်းတပါးသားတွေဆိုပြီး သံသယနဲ့ ထင်မြင်လာကြတာတွေ ရှိတဲ့အခါကျတော့ ဒါတွေကိုရှင်းလင်းဖို့အတွက် ကမန်လူမျိုးတွေဟာ သီးခြားယဉ်ကျေးမှုရှိသလို ရခိုင်မျိုးနွယ်စုဝင်တွေနဲ့ထပ်တူ ဒီမြေအကျိုးကို သယ်ပိုးလာခဲ့တဲ့ လူမျိုးတစ်မျိုးဆိုတာကို ပြသဖို့အတွက်ဖြစ်တယ်”ဟု ကိုအောင်ဝင်းထွန်းက ပြောသည်။

ကမန်အမျိုးသားနေ့ကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကစပြီး ကမန်အမျိုးသားတိုးတက်ရေးပါတီမှ ဦးဆောင်ကာ မြို့နယ်အလိုက် ကမန်အဖွဲ့အစည်းများနှင့်ဆွေးနွေးပြီးနောက် ဒီဇင်ဘာလ ၅ ရက်နေ့ကို ကမန်အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကမန်အမျိုးသားတိုးတက်ရေးပါတီမှ ဒုဥက္ကဌ(၂) ဦးတင်ငွေက “ကျနော်တို့က ရခိုင်ပြည်မှာ သစ္စာရှိရှိ နေထိုင်ခဲ့ကြသလို နောက်ထပ်လည်း ရခိုင်ပြည်ကိုချစ်တတ်အောင်၊ အခြား ရခိုင်မျိုးနွယ်စုဝင်တွေနဲ့လည်း မိသားစုသဖွယ်နေထိုင်နိုင်အောင်၊ ပြီးတော့ ကိုယ့်ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းပြီး အနာဂတ်ရခိုင်ပြည်ကို ပါဝင်စွမ်းဆောင်ဖို့ရည်ရွယ်ပြီးတော့ အမျိုးသားနေ့အဖြစ်ဆိုပြီး ၂၀၁၉ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ကြတာပါ”ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ပဋိပက္ခနောက်ပိုင်း ကမန်တိုင်းရင်းသားများမှာ ကျန်းမာရေး၊ ပညာရေးစသည့် အခွင့်အရေးများ ဆုံးရှုံးခဲ့ကြရသည်။

လက်ရှိ ကမန်တိုင်းရင်းသားများသည် ရခိုင်ပြည်နယ် သံတွဲနှင့် စစ်တွေမြို့နယ်များတွင် အများဆုံးနေထိုင်ကြပြီး ရမ်းဗြဲ၊ ကျောက်ဖြူမြို့နယ်များတွင်လည်း အနည်းငယ်နှင့် ရန်ကုန်နှင့် မန္တလေးတိုင်း စသည့်ဒေသများတွင်လည်း အနည်းငယ်စီ ပြန့်ကြဲနေထိုင်လျက်ရှိကြပြီး တစ်နိုင်ငံလုံးအတိုင်းအတာအရ ကမန်လူမျိုးစုစုပေါင်း ၅၀၀၀ဝ ခန့်ရှိကြောင်း သိရသည်။

ဗီဒီယိုများ