စစ်အာဏာသိမ်းပြီနောက်ပိုင်း ရခိုင်တိုင်းရင်းသားများ မိမိနေရပ်သို့ပြန်လာကြသော်လည်း ကမန်တိုင်းရင်းသားတချို့ နေရပ်မပြန်နိုင်

စစ်တပ်မှာအာဏာသိမ်းပြီးနောက်ပိုင်း  တစ်နိုင်ငံလုံးတွင် အာဏာရှင်ဆန့်ကျင်သည့် ဆန္ဒပြမှုများရှိနေသဖြင့် ရခိုင်တိုင်းရင်းသားများအပါအဝင် တစ်ခြားသောတိုင်းရင်းသားများမှာ မိမိနေရပ်များသို့ပြန်လာကြသော်လည်း ကမန်တိုင်းရင်းသားတချို့မှာ နေရပ်မပြန်နိုင်ဘဲ စားဝတ်နေရေးအခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

03 May 2021


DMG ၊ မေ ၃

စစ်တပ်မှာအာဏာသိမ်းပြီးနောက်ပိုင်း  တစ်နိုင်ငံလုံးတွင် အာဏာရှင်ဆန့်ကျင်သည့် ဆန္ဒပြမှုများရှိနေသဖြင့် ရခိုင်တိုင်းရင်းသားများအပါအဝင် တစ်ခြားသောတိုင်းရင်းသားများမှာ မိမိနေရပ်များသို့ပြန်လာကြသော်လည်း ကမန်တိုင်းရင်းသားတချို့မှာ နေရပ်မပြန်နိုင်ဘဲ စားဝတ်နေရေးအခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ရခိုင်ပြည်မှ ရန်ကုန်တိုင်းဒေသကြီးတွင် အလုပ်အကိုင်၊ ပညာရေးနှင့် တစ်ခြားသော အကြောင်းများ ကြောင့် ရောက်ရှိနေထိုင်ကြသည့် ကမန်တိုင်းရင်းသား ၁၀၀၀၀ ခန့်ရှိပြီး ယင်းအထဲမှ တချို့မှာ ရခိုင်ပြည်နယ်တွင်ရှိ သောမိမိတို့၏ ရပ်ရွာများသို့ ပြန်ကြသော်လည်း ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ပဋိပက္ခအတွင်း နေအိမ်များမီးရှု့ခံလိုက်ရသည့် ရမ်းဗြဲမြို့နယ်အတွင်းမှ ကမန်တိုင်းရင်းသားများမှ မိမိတို့နေရပ် မပြန်နိုင်ကြ ကြောင်း ကမန်လူမှုကွန်ရက် ဥက္ကဌဖြစ်သူ ကိုထွန်းငွေက DMG ကို ပြောသည်။
 

“တစ်ချို့ကတော့ မိဘတွေရှိတဲ့ ကိုယ့်ရပ်၊ ကိုယ့်ရွာကို ယာယီတိမ်းရှောင်သွားကြတယ်။ ဒါပေမယ့် ဒီရမ်းဗြဲဖက်က ကမန်တွေကျတော့ ရန်ကုန်ဖက်မှာ အရေးအခင်းဖြစ်နေတဲ့အချိန်ကစပြီး  ကိုယ့်ဒေသကိုပြန်ချင်ပေမယ့် ပြန်လို့မရဘူး။ ဘာလို့လဲဆိုတော့ သူတို့အိမ်တွေက မီးရှို့ခံထားရတဲ့အတွက် ဘာမှမရှိဘဲ မီးလောင်ကွင်းကြီး၊ သောင်ပြင်ကြီး ဖြစ်နေတယ်” ဟု ပြောသည်။

ရမ်းဗြဲမြို့နယ်ရှိ တန်းရွာ၊ပုလုတ်တောင်ရွာ၊လောင်းချောင်းရွာ၊ရွှေတုံးရွာနှင့် သဗြုချိုင်ကျေးရွာမှ လူဦးရေ ရ၀၀ ကျော်ခန့်မှာ မိမိတို့ဇာတိ ရပ်ရွာများသို့ ပြန်လိုကြသော်လည်း ၎င်းတို့တွင် မူလနေအိမ်များမှာ မီးလောင်သွားသည့်အတွက် နေအိမ်များမရှိတော့သဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ ဘွတ်ကြီးကျေးရွာ၌ ဆက်လက်နေထိုင်နေကြခြင်းဖြစ်သည်။

လက်ရှိတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာရှင်ဆန့်ကျင်မှုများကြောင့် ဘွတ်ကြီးတွင်နေထိုင်ကြသည့် ကမန်တိုင်းရင်းသားများမှာ အလုပ်များ ပိတ်ထားခြင်း၊ ပြင်ပသို့ထွက်ပြီး အလုပ်အကိုင်လုပ်၍မရခြင်း တို့ကြောင့်  အလုပ်လက်မဲ့ဖြစ်ကာ စားဝတ်နေရေးအခက်အခဲများနှင့် ရင်ဆိုင်နေရ ကြောင်း ဦးထွန်းငွေက ဆက်ပြောသည်။

“အခုဆို လမ်းတွေလည်းပိတ်၊ဘဏ်တွေလည်းပိတ်နဲ့အကြောင်းအမျိုးမျိုးကြောင့် သူတို့တွေ စားဝတ်နေရေး တော်တော်အခက်အခဲဖြစ်နေကြတယ်။ ဒါကြောင့် ကျနော်တို့ ကမန်လူမှုကွန်ရက်အဖွဲ့ကနေပြီးတော့သူတို့တွေ အတွက် တစ်အိမ်ထောင်ကို ဆန် ၅ပြည်၊ကြက်သွန်နီ ၃ ပိသာနှုန်းနဲ့ ၂ ကြိမ်ပေးထားတယ်။ ကျနော်တို့မှာလည်း တစ်လစာဆိုပြီး ပုံသေပေးတာတော့ မဟုတ်ဘူးပေ့ါ။ လောလောဆယ် အရမ်းဒုက္ခရောက်နေတဲ့ အနေအထား မျိုးမှာ ထောက်ပံ့ပေးတာလောက်ပဲ’’ ဟု ၎င်းကပြောသည်။

ယခင်က ကမန်တိုင်းရင်းသားအရေးနှင့်ပတ်သက်ပြီး အစိုးရထံတင်ပြခဲ့သော်လည်း လက်ရှိတွင် နိုင်ငံရေး မတည်ငြိမ်မှုများရှိနေသည့်အတွက် မည်သို့လုပ်ဆောင်ရမည်ကို မသိနိုင်သေးကြောင်း ကမန်အမျိုးသားပါတီ အတွင်းရေးမှူး ဦးတင်လှိုင်ဝင်းက ဆိုသည်။

“အရင်ကတော့ ရွေးကောက်ခံအစိုးရကိုတင်ပြခဲ့တယ်။ ဒါပေမယ့် ထင်သလောက်ခရီးမရောက်ခဲ့တာလည်း အများကြီးရှိတယ်။အခုကျတော့ စစ်တပ်ကတစ်ခါ အာဏာသိမ်းလိုက်တဲ့အခါ နိုင်ငံရေးတည်ငြိမ်မှုမရှိတဲ့အခါ ဘယ်လိုလုပ်လို့လုပ်ရမှန်းလဲမသိတော့တဲ့ အနေအထားကိုရောက်နေတယ်။ဘယ်သူ့ကိုတင်ပြလို့ တင်ပြရမှန်း လဲမသိဘူး။အခုဆို မနက်ဖန်ဘာလုပ်ရမလဲ။ဘာစားရမလဲဆိုတာတောင် မသေချာတဲ့အနေအထားပဲ” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလကမှစတင်ကာ  အာဏာရှင် ဆန့်ကျင်သည့် ဆန္ဒပြဆူပူမှုများကြောင့်  ရန်ကုန်မှရခိုင်သို့ပြန်လည်ဝင်ရောက်လာသူ လူဦးရေ ၃၀၀၀ ခန့်ရှိကြောင်း နေရပ်ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

ဗီဒီယိုများ