အစ္စလာမ်ဘာသာ ကိုးကွယ်သည့် ကမန်တိုင်းရင်းသားများ  နိုင်ငံကူးလက်မှတ် ပြုလုပ်ခွင့်မရဖြစ်နေ  

ကမန်တိုင်းရင်းသားများကို ယခင်က နိုင်ငံကူးလက်မှတ် ထုတ်ပေးခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ စက်တင်ဘာလမှစ၍ နိုင်ငံကူးလက်မှတ်ပြုလုပ်ခွင့် ရပ်ဆိုင်းခံလိုက်ရခြင်း ဖြစ်သည်။ 

By Admin 05 Sep 2023

အစ္စလာမ်ဘာသာကိုးကွယ်သည့် ကမန်တိုင်းရင်းသားတစ်ဦး၏ နိုင်ငံသားစိစစ်ရေးကတ်ပြား။
အစ္စလာမ်ဘာသာကိုးကွယ်သည့် ကမန်တိုင်းရင်းသားတစ်ဦး၏ နိုင်ငံသားစိစစ်ရေးကတ်ပြား။

DMG ၊ စက်တင်ဘာ ၅ 

အစ္စလာမ်ဘာသာကို ကိုးကွယ်ကြသည့် ရခိုင်မျိုးနွယ်စုဝင် ကမန်တိုင်းရင်းသားများမှာ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ရုံးခွဲ (စစ်တွေ)တွင် နိုင်ငံကူးလက်မှတ် ပြုလုပ်ခွင့်မရဖြစ်နေကြောင်း DMG က စုံစမ်းသိရှိရသည်။ 

ကမန်တိုင်းရင်းသားများကို ယခင်က နိုင်ငံကူးလက်မှတ် ထုတ်ပေးခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ စက်တင်ဘာလမှစ၍ နိုင်ငံကူးလက်မှတ်ပြုလုပ်ခွင့် ရပ်ဆိုင်းခံလိုက်ရခြင်း ဖြစ်သည်။ 

“ကျနော်တို့ကို ကမန် - အစ္စလာမ်ဘာသာဖြစ်လို့ လုပ်လို့မရဘူးလို့ ပြောတယ်။ နေပြည်တော်က ရပ်ဆိုင်းထားတာကြောင့် ထုတ်ပေးလို့မရဘူးလို့ သူတို့ကပြောတယ်။ ကျနော်က အဲလိုမျိုး ရပ်ဆိုင်းခိုင်းထားတဲ့ စာရှိရင် ပြပေးပါဆိုလည်း သူတို့မပြနိုင်ဘူး။ အဲဒီကိစ္စနဲ့ ရုံးမှာတောင် ပြဿနာတွေဖြစ်ခဲ့ရတယ်” ဟု စစ်တွေမြို့နယ်၊ သက္ကယ်ပြင်(ကမန်)ကျေးရွာမှ ဦးမင်းချေက ပြောသည်။ 

ရခိုင်ပြည်အတွင်းရှိ ကမန်တိုင်းရင်းသားများမှာ စစ်တွေ၊ ရမ်းဗြဲ၊ သံတွဲမြို့နယ် တို့တွင် အဓိကနေထိုင်ကြပြီး အများစုမှာ အစ္စလာမ်ဘာသာကိုးကွယ်ကြကာ ဗုဒ္ဓဘာသာကိုးကွယ်သူအချို့လည်း ရှိသည်။ 

ကမန်တိုင်းရင်းသားများမှာ အလုပ်အကိုင်ရှားပါးမှုနှင့် ကုန်ဈေးနှုန်း မြင့်တက်မှုများကြောင့် စားဝတ်နေရေး အဆင်မပြေသဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ရန် ကြိုးပမ်းကြသော်လည်း နိုင်ငံကူးလက်မှတ် ထုတ်မပေးမှုကြောင့် တရားမဝင်လမ်းကြောင်းများမှ သွားရောက်ကြရာတွင် ဖမ်းဆီးခံရမှုများရှိနေသည်။ 

စစ်တွေမြို့နယ် သင်္ဂနက်(ကမန်)ကျေးရွာမှ ရပ်မိရပ်ဖ ဦးသိန်းထွန်းက “စားဝတ်နေရေးကျပ်တည်းလို့ နိုင်ငံခြားသို့ သွားမယ်ဆိုရင်လည်း  နိုင်ငံကူးလက်မှတ် ထုတ်လို့မရဘူး။ မှတ်ပုံတင်ကိုင်ထားပေမယ့် နိုင်ငံကူးလက်မှတ် လုပ်မပေးဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ သွားရင်လည်း လမ်းမှာ အဖမ်းခံရတယ်။ ကျနော်တို့ လူမျိုးတွေဟာ လူ့အခွင့်အရေး တော်တော်ဆုံးရှုံးနေရတယ်” ဟု ပြောသည်။ 

ရခိုင်ပြည်တွင် နိုင်ငံကူးလက်မှတ် ထုတ်မပေးသဖြင့် စစ်တွေမြို့နယ်၊ သင်္ဂနက်ကျေးရွာမှ ကရင်ပြည်နယ်၊ မြဝတီထိ သွားရောက်ပြီး နိုင်ငံကူးလက်မှတ်လုပ်ခဲ့ရသူ မခင်သူဇာက “ကျမတို့ကို နိုင်ငံကူးလက်မှတ် မထုတ်ပေးတာ ရခိုင်တစ်ခုတည်းမှာ မဟုတ်ဘူး။ ရခိုင်မှာ မထုတ်ပေးလို့ ရန်ကုန်မှာ ရမယ်ထင်ပြီး သွားလုပ်တယ်။ ရန်ကုန်မှာလည်း ထုတ်မပေးဘူး။ အဲတော့ မြဝတီထိသွားပြီးလုပ်မှ ရခဲ့တယ်။ ကျမတို့မှာ နိုင်ငံကူးလက်မှတ် စာအုပ်လေးတစ်အုပ်ရဖို့အတွက် ပိုက်ဆံတွေ မကုန်သင့်ဘဲ ကုန်ရတယ်” ဟု မခင်သူဇာက ပြောသည်။ 

အစ္စလာမ်ဘာသာကိုးကွယ်သည့် ကမန်တိုင်းရင်းသားများမှာ နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) ကိုင်ဆောင်ထားသော်လည်း နိုင်ငံကူးလက်မှတ်ပြုလုပ်ခွင့် မရရှိသည်မှာ ခွဲခြားဆက်ဆံခံနေရခြင်းဟု ပြောကြသည်။ 

“လူမျိုးမရွေး၊ ဘာသာမရွေး  နိုင်ငံကူးလက်မှတ် လုပ်ပေးစေချင်တယ်။ ကျမတို့က အစ္စလာမ်ဘာသာ ကိုးကွယ်တာ ကြောင့် နိုင်ငံကူးလက်မှတ်မထုတ်ပေးဘူး၊ အခြားသူတွေကိုတော့ ထုတ်ပေးတယ်။ ဒါကမဖြစ်သင့်ဘူး။ တန်းတူအခွင့်အရေးပေးစေချင်တယ်။ ခွဲခြားနိမ့်ချပြီး ဆက်ဆံတာ မဖြစ်စေချင်ဘူး”  ဟု စစ်တွေမြို့နယ်၊ သာယာကုန်းကျေးရွာမှ မစောခင်ဦးက ပြောသည်။ 

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံးခွဲ(စစ်တွေ) တာဝန်ရှိသူကို DMG က သွားရောက်မေးမြန်းရာတွင် တွေ့ဆုံရန် ငြင်းဆိုသည်။ ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းကို ဆက်သွယ်ရာတွင်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပေ။ 

နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံးခွဲ(စစ်တွေ) နှင့်နီးစပ်သော DMG သတင်းရင်းမြစ်တစ်ဦးထံ စုံစမ်းကြည့်ရာတွင် “ကမန်-အစ္စလာမ် ဘာသာကိုးကွယ်တဲ့သူတွေကို  နိုင်ငံကူးလက်မှတ်ထုတ်မပေးဘူး။ အရင်ကတော့ ထုတ်ပေးခဲ့တယ်။ အခု ရန်ကုန်ရုံးချုပ်ကိုယ်တိုင် မထုတ်ပေးနဲ့ဆိုပြီး ပြောထားတာ။ ဒါပေမယ့် အရေးပေါ် အခြေအနေဆိုရင် အထက်ကို တင်ပြပြီး ခွင့်ပြုချက်ရရင် ထုတ်ပေးတယ်” ဟု DMG ကို ပြောသည်။ 

ကမန်တိုင်းရင်းသားများသည် သံတွဲနှင့် စစ်တွေမြို့နယ်များတွင် အများဆုံးနေထိုင်ကြပြီး ရမ်းဗြဲ၊ ကျောက်ဖြူနှင့် ရန်ကုန်၊ မန္တလေး စသည့် ဒေသများတွင်လည်း အနည်းငယ် ပြန့်ကြဲနေထိုင်လျက်ရှိပြီး ၂၀၁၈-၂၀၁၉ ခုနှစ် စာရင်းအရ မြန်မာနိုင်ငံတွင် ကမန်တိုင်းရင်းသား စုစုပေါင်း ၅ သောင်းကျော်ရှိကြောင်း သိရသည်။ 

#I001

ဗီဒီယိုများ