AA တပ်သားအချို့မှ ဒေသခံများအပေါ် ကျူးလွန်ခဲ့သောအမှုများကို စုံစမ်းစစ်ဆေးနေဟု ဦးခိုင်သုခပြော

ပြစ်မှုကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်ပါက ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း မှန်မှန်ကန်ကန် အရေးယူဆောင်ရွက်သွားမည်ဟုလည်း ဦးခိုင်သုခက ဆက်ပြောသည်။

By Admin 09 Feb 2023

AA တပ်သားအချို့မှ ဒေသခံများအပေါ် ကျူးလွန်ခဲ့သောအမှုများကို စုံစမ်းစစ်ဆေးနေဟု ဦးခိုင်သုခပြော

စစ်ရေးပြနေသည့် AA တပ်ဖွဲ့ဝင်များ။

DMG ၊ ဖေဖော်ဝါရီ ၉

ရခိုင်ပြည်အတွင်း AA ၏ အောက်ခြေတပ်သားများမှ ကျူးလွန်ခဲ့သည့်အမှုများကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)မှ ဖော်ထုတ်အရေးယူပေးရန် ချင်းနိုင်ငံရေးဦးဆောင်ကော်မတီ(CPSC)က ဖေဖော်ဝါရီလ ၉ ရကနေ့တွင် တိုက်တွန်းထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၃၀ ရက်နေ့က မြေပုံမြို့နယ်၊ တုတ်ချောင်း(ချင်း)ကျေးရွာမှ ဒေသခံနှစ်ဦးကို AA တပ်ဖွဲ့ဝင်များက ဖုန်းဖြင့်ဆင့်ခေါ်ခဲ့ပြီး အကြောင်းပြချက် တစ်စုံတစ်ရာ ပြောဆိုခြင်းမရှိဘဲ လက်ပြန်ကြိုးတုတ်ကာ အုပ်စုဖြင့်ရိုက်နှက်မှုကြောင့် တစ်ဦးမှာ သတိမေ့မျောသွားခဲ့ပြီး ယနေ့တိုင် ဆေးကုသမှုခံယူနေရသည်ဟု CPSC က ထုတ်ပြန်ထားသည်။

ထိုသို့ ကျူးလွန်ခံထားရသည့် ပြည်သူလူထုအတွက် တရားမျှတမှုရရှိရန်နှင့် ပြစ်ဒဏ်ကျူးလွန်သူများကို ထိထိရောက်ရောက် အရေးယူရန်အတွက် တောင်းဆိုခြင်းဖြစ်သည်ဟု ချင်းနိုင်ငံရေးဦးဆောင်ကော်မတီ(CPSC) ဥက္ကဌ ဆလိုင်းပိုင်ဆွန်က ပြောသည်။

“အောက်ခြေက AA တပ်ဖွဲ့ဝင်တွေဟာ ရပ်/ကျေးမှာရှိတဲ့ ရွာသားတွေကို မလိုလားအပ်တဲ့ အာဏာအလွဲသုံးစား လုပ်တာတွေ၊ ဖိနှိပ်တာတွေရှိတယ်။ ကျနော်တို့ လက်လှမ်းမမှီတဲ့ ကိစ္စတွေလည်း အများကြီးရှိတယ်” ဟု ၎င်းကပြောသည်။

AA အောက်ခြေတပ်သားများမှ ယခုကဲ့သို့ ကျူးလွန်မှုများကြောင့် ချင်းလူမျိုးများ၏ အနာဂတ်လူမှုဘဝ လုံခြုံရေးအပေါ် များစွာစိုးရိမ်ဖွယ်ရာဖြစ်သည်ဟု ရှုမြင်ကြောင်းလည်း CPSC ကဆိုသည်။

ချင်းနိုင်ငံရေးဦးဆောင်ကော်မတီ(CPSC)မှ ထုတ်ပြန်သည့်ကိစ္စကို မှန်ကန်မှုရှိ၊ မရှိ စုံစမ်းစစ်ဆေးနေသည်ဟု ရက္ခိုင့်တပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကပြောသည်။

“ချင်းနိုင်ငံရေးဦးဆောင်ကော်မတီ ဆိုတဲ့အဖွဲ့က စွပ်စွဲထားတဲ့အတိုင်း မှန်ကန်မှုရှိ/မရှိ ကိစ္စနဲ့ပတ်သက်ပြီးတော့ ကျနော်တို့က လိုအပ်တဲ့စုံစမ်းစစ်ဆေးမှုတွေကို စနစ်တကျ လုပ်ဆောင်နေပါတယ်။ စစ်ဆေးမှုတွေပြီးတော့မှ ကျူးလွန်မှု ရှိ/မရှိဆိုတာကို ကျနော်တို့က ပြောလို့ရပါမယ်” ဟု ၎င်းကဆိုသည်။

ပြစ်မှုကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်ပါက ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း မှန်မှန်ကန်ကန် အရေးယူဆောင်ရွက်သွားမည်ဟုလည်း ဦးခိုင်သုခက ဆက်ပြောသည်။

ဘူးသီးတောင်မြို့နယ်၊ ကျောင်းတောင်အုပ်စုမှ မွတ်ဆလင်အမျိုးသမီးတစ်ဦးအား မုဒိမ်းမှု ကျူးလွန်ခဲ့သည့် AA တပ်သားနှစ်ဦးကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့တွင် စစ်တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ နှင့် ကြိမ်ဒဏ်အချက် ၃၀ ချမှတ်လိုက်ကြောင်း ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်ခဲ့သည်။

#R007

ဗီဒီယိုများ