လွိုင်ကော် ဗဟိုမဏ္ဍပ် ဗုံးကြဲတိုက်ခိုက်ခံရမှု ဌာနဆိုင်ရာဝန်ထမ်းပါ ၂၈ ဦး ဒဏ်ရာရ

ကယား (ကရင်နီ) ပြည်နယ် လွိုင်ကော်မြို့ သင်္ကြန်ဗဟိုမဏ္ဍပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း ပြည်နယ် ဌာနဆိုင်ရာအရာရှိများ အပါအဝင် ၂၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်သတင်းအရင်းအမြစ်ထံမှ သိရသည်။

By Admin 16 Apr 2023

လွိုင်ကော်မဏ္ဍပ် ဒရုန်းဖြင့်တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရရှိသူတစ်ဦးကို တွေ့ရစဥ်။ (ဓာတ်ပုံ- စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန)
လွိုင်ကော်မဏ္ဍပ် ဒရုန်းဖြင့်တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရရှိသူတစ်ဦးကို တွေ့ရစဥ်။ (ဓာတ်ပုံ- စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန)

DMG ၊ ဧပြီ ၁၆

ကယား (ကရင်နီ) ပြည်နယ် လွိုင်ကော်မြို့ သင်္ကြန်ဗဟိုမဏ္ဍပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း ပြည်နယ် ဌာနဆိုင်ရာ အရာရှိများ အပါအဝင် ၂၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်သတင်းအရင်းအမြစ်ထံမှ သိရသည်။

ယမန်နေ့ ဧပြီလ ၁၅ ရက်နေ့ နံနက် ၉ နာရီကျော်အချိန်တွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ဗဟိုမဏ္ဍပ်သို့  KNDFနှင့် PDF ပူးပေါင်း အဖွဲ့က Drone တစ်စင်းဖြင့် Drop Bomb တစ်လုံး ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် အမျိုးသား ၁၅ ဦးနှင့် အမျိုးသမီး ၁၃ ဦး၊ စုစုပေါင်း ၂၈ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း စစ်ကောင်စီ၏ ပြန်ကြားရေးသတင်းက ထုတ်ပြန်သည်။

“ထွေအုပ် ယိမ်းကပွဲစနေတုန်း ဗုံးသီးချခံရတာ။ ဌာနဆိုင်ရာ ညွှန်မှူးတွေနဲ့ လွိုင်ကော် ပါမောက္ခချုပ်တို့ နှစ်ဦး အရင်ထိသွားတယ်။ စက်မှုလယ်ယာ ညွှန်မှူးနဲ့ ကျေးလက်ညွှန်မှူးက ဒဏ်ရာရပေမယ့် နည်းတယ်။ ပါမောက္ခချုပ်နဲ့ အခြားအရာရှိတစ်ဦးကတော့ ဒဏ်ရာအရမ်းပြင်းတယ်။ ထိခိုက်တဲ့သူတွေမှာ ထွေအုပ်ဝန်ထမ်းတွေ တော်တော်များများပါတယ်” ဟု ဖြစ်စဉ်အတွင်း ရှိခဲ့သည့် ထွေအုပ်ဝန်ထမ်းတစ်ဦးက ပြောသည်။

ဒဏ်ရာရရှိသူများကို လက်ရှိတွင် လွိုင်ကော်မြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရပြီး လွိုင်ကော် တက္က သိုလ် ပါမောက္ခချုပ်နှင့် အခြားတစ်ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် စိုးရိမ်ရသည့် အနေအထားရှိကြောင်း ဒေသခံ လူမှုကူညီရေးအသင်းထံမှ သိရသည်။

“ အခုအထိ လွိုင်ကော်ဆေးရုံမှာ ဆေးကုသခံယူနေရပါတယ်။ ပါမောက္ခချုပ်နဲ့ နောက်တစ်ဦးက အခြေအနေ ကတော့ စိုးရိမ်နေရတယ်။ ကျန်တဲ့သူတွေကတော့ အခြေအနေစောင့်ကြည့်နေရပါတယ်” ဟု လွိုင်ကော် ပရဟိတ အသင်းတာဝန်ရှိသူက ဆိုသည်။

အဆိုပါ ဒဏ်ရာရသူတို့ကို ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးစကားပြောကြားပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးထားကြောင်း စစ်ကောင်စီ ပြန်ကြားရေး သတင်းတွင် ဖော်ပြထားသည်။

ယင်းဖြစ်စဉ်ဖြစ်ပြီးသည့်နောက် လက်ရှိတွင် လွိုင်ကော်လေဆိပ် အနီးတဝိုက်နှင့် ဝန်ကြီးအိမ်ရာတို့တွင် စစ်ကောင်စီတပ်နှင့် ရဲအဖွဲ့တို့က အင်အားအများအပြားဖြင့် လုံခြုံရေးရယူထားကာ လမ်းသွားလမ်းလာများကို စစ်ဆေးမှု လုပ်ဆောင်နေကြောင်း မြို့ခံများထံကသိရသည်။

“ အခု မနက်က ဗဟိုမဏ္ဍပ်နေရာ တဝိုက်ကို စစ်တပ်နဲ့ ရဲအင်အား ၅၀ လောက်ရှိမယ်။ မဏ္ဍပ်မှာတော့ ကပွဲတွေပြန်လုပ်နေတာတွေ့တယ်။ လေဆိပ်နဲ့ ဝန်ကြီးအိမ်ရာနဲ့အနီးနားကို လုံးဝဖြတ်ခွင့်မပေးဘူး။ လုံခြုံရေးယူပြီး စစ်ဆေးနေတယ်”  ဟု မျက်မြင်တွေ့ရှိရသည့် မြို့ခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် နှစ်ကလည်း လွိုင်ကော်မြို့ရှိ ဗဟိုမဏ္ဍပ်အနီးဗုံးပေါက်ကွဲမှုကြောင့် လာရောက်ရေကစားသူ ၅ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

#F004

ဗီဒီယိုများ