ရခိုင်တွင် ယာဉ်လိုင်စင်များလုပ်မပေးသေးဘဲ လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးနေဟု ဒေသခံများဝေဖန်နေ

ရခိုင်ပြည်ရှိ မြို့နယ်အများစုတွင် ယာဉ်လိုင်စင်များလုပ်ပေးခြင်းမရှိသေးဘဲ လိုင်စင်မဲ့ယာဉ်များကို စစ်ဆေးဖမ်းဆီးနေသည့်အပေါ် ဒေသခံပြည်သူများက ဝေဖန်မှုများရှိနေကြသည်။

19 Sep 2022

စစ်တွေမြို့ လမ်းမကြီးတစ်နေရာကို တွေ့ရစဉ်။

DMG ၊ စက်တင်ဘာ ၁၉

ရခိုင်ပြည်ရှိ မြို့နယ်အများစုတွင် ယာဉ်လိုင်စင်များလုပ်ပေးခြင်းမရှိသေးဘဲ လိုင်စင်မဲ့ယာဉ်များကို စစ်ဆေးဖမ်းဆီးနေသည့်အပေါ် ဒေသခံပြည်သူများက ဝေဖန်မှုများရှိနေကြသည်။

လက်ရှိတွင် စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် ဌာဆိုင်ရာများပူးပေါင်းကာ ရခိုင်ပြည်နယ်ရှိ မြို့နယ်အများစုတွင် ယာဉ်လိုင်စင်များကို စစ်ဆေးဖမ်းဆီးလျက်ရှိသည်ဟု ဒေသခံများထံမှသိရသည်။

ထိုသို့စစ်ဆေးရာတွင် ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်၊ ယာဉ်နှင့်ပတ်သက်သည့် အချက်အလက်များကိုစစ်ဆေးပြီး ယာဉ်များကို ဖမ်းဆီးခြင်း၊ အချို့မြို့နယ်များတွင် ငွေကြေးတောင်းခံမှုများရှိနေကြောင်း ဒေသခံများကဆိုသည်။

“သူတို့က ဆိုင်ကယ်လိုင်စင်နဲ့ ယာဉ်မောင်းလိုင်စင်ကို ပြခိုင်းတယ်။ မပါရင် ဆိုင်ကယ်ကိုသိမ်းထားလိုက်တယ်။ ပြီးတော့ လိုင်စင်တွေလုပ်ပြီးမှ ပြန်ထုတ်လို့ရမယ်လို့ပြောတယ်။ ကျွန်တော်တို့လို ဆိုင်ကယ်နဲ့သွားလာနေတဲ့ သူတွေကျတော့ အခုလိုလုပ်တာတွေကြောင့် အများကြီး အဆင်မပြေဖြစ်ရတယ်”ဟု စစ်တွေမြို့ မင်းဂံရပ်ကွက်မှ ဆိုင်ကယ်သိမ်းဆည်းခံထားရသည့် ဒေသခံတစ်ဦးကပြောသည်။

အလားတူ ပုဏ္ဏားကျွန်းမြို့နယ်တွင်လည်း ပြီးခဲ့သည့်စက်တင်ဘာလ ၁၆ ရက်နေ့တွင် စစ်တပ်က အင်အားအများအပြားဖြင့် လိုင်စင်စစ်ဆေးမှုများပြုလုပ်ခဲ့သည့်အတွက် ပြည်သူများ အခက်အခဲကြုံတွေ့ခဲ့ရကြောင်း ဒေသခံများထံမှသိရသည်။

ပုဏ္ဍားကျွန်းမြို့မှ ဘေးတွဲဆိုင်ကယ်မောင်းနှင်သူ ကိုခိုင်ထွန်းအောင်က “ကျွန်တော်တို့က တစ်နေ့လုပ်မှ တစ်နေ့စားရတာ။ အခု ဘေးတွဲဆိုင်ကယ်ကိုတောင် ရှိတာလေးတွေနဲ့ ခြစ်ကုပ်ပြီးဝယ်ထားရတာ။ လိုင်စင်တွေဘာတွေကို သိပ်မသိဘူး။ သူတို့တွေ စစ်တဲ့နေ့ဆိုရင် ကျွန်တော်တို့ အပြင်မထွက်ရဲဘူး။ ရှိတာလေးနဲ့ပဲ ခြွေတာစားလိုက်တာပဲ”ဟု ပြောသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)အနေဖြင့် မြောက်ဦးမြို့သို့ ကွင်းဆင်းကာ ယာဉ်လိုင်စင်လုပ်ဆောင်ပေးခြင်းမရှိသည်မှာ ကာလအတန်ကြာပြီဖြစ်ပြီး ယခုအချိန်မှ ယာဉ်လိုင်စဉ်များကိုစစ်ဆေးခြင်းမှာ ပြည်သူများကို အခက်တွေ့အောင်လုပ်ဆောင်ခြင်းဟု မြောက်ဦးဒေသခံများကပြောဆိုကြသည်။

“ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်လောက်ကတည်းက ယာဉ်လိုင်စင်တွေနဲ့ပတ်သက်ပြီး ဘာမှလာလုပ်ပေးတာမရှိသေးဘူး။ အခုအချိန်မှ ကောက်ကာငင်ကာနဲ့ လိုင်စင်တွေကို စစ်တယ်၊ ဆေးတယ်၊ ဖမ်းတယ်ဆိုတာကတော့ မဖြစ်သင့်တာပါပဲ”ဟု အမည်မဖော်လိုသည့် မြောက်ဦးဒေသခံတစ်ဦးကဆိုသည်။

ထို့အပြင် စစ်တွေမြို့ရှိ ဆိုင်ကယ်အများစုမှာ လိုင်စင်မဲ့နှင့် လိုင်စင်သက်တမ်းလွန်များဖြစ်ကြပြီး လိုင်စင်ပြုလုပ်ပြီး အခွန်ဆောင်ပါက စစ်ကောင်စီမှ မည်သို့တာဝန်ယူမည်ကို မေးခွန်းထုတ်လိုကြောင်း စစ်တွေမြို့ဒေသခံ ကိုမျိုးမင်းသူကပြောသည်။

“သူတို့က အခွန်ရအောင် လိုင်စင်လုပ်ရမယ်ဆိုတာကတော့ ဟုတ်ပါပြီ။ အခွန်ဆောင်ပြီးရင်တော့ ဒီဆိုင်ကယ်တွေနဲ့ပတ်သက်တာကို သူတို့တာဝန်ယူနိုင်ရမယ်။ ဥပမာ- ယာဉ်တိုက်မှုတွေ၊ ခိုးမှုတွေဆိုရင် သူတို့ကို အခွန်ဆောင်ထားတာဖြစ်တဲ့အတွက် သူတို့တာဝန်ယူဖြေရှင်းပေးနိုင်ရမယ်။ တကယ်တမ်းမလုပ်နိုင်ပဲနဲ့ အခွန်တောင်းတယ်ဆိုရင်တော့ အဆင်မပြေဘူး”ဟု ၎င်းကထောက်ပြပြောဆိုသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန) အနေဖြင့် လက်ရှိတွင် စစ်တွေမြို့၌ ယာဉ်မောင်းလိုင်စင်များကို ထုတ်ပေးလျှက်ရှိပြီး မော်တော်ယာဉ်လိုင်စင် ထုတ်ပေးခြင်းနှင့် သက်တမ်းတိုးပေးခြင်းများကိုမူ ယခုလနောက်ဆုံးပတ်မှသာ စတင်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

“ဆိုင်ကယ်တစ်စီးကို အနည်းဆုံးနှုန်းထားနဲ့ လိုင်စင်လုပ်နိုင်အောင်အတွက် ကျွန်တော်တို့ အဆင့်ဆင့်ညှိုနှိုင်းဆောင်ရွက်တာတွေကို လုပ်နေပါတယ်။ ဒီလနောက်ဆုံးအပတ်လောက်ကစပြီးတော့ လိုင်စင်လုပ်တာတွေနဲ့ သက်တမ်းတိုးတာတွေကို စပြီးလုပ်ဆောင်ပေးနိုင်တော့မှာပါ။ လောလောဆယ်မှာတော့ လိုင်စင်မဲ့တွေကို ဖမ်းဆီးနေတာတွေရှိပါတယ်”ဟု ရခိုင်ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)မှ တာဝန်ရှိသူကပြောသည်။

ရခိုင်ပြည်နယ်မှ လိုင်စင်မဲ့ဆိုင်ကယ်များကို ဌာနဆိုင်ရာများပူးပေါင်း၍ သြဂုတ်လ ၁ ရက်နေ့မှ အောက်တိုဘာလ ၃၁ ရက်နေ့အထိ တရားဝင်လိုင်စင်များ လုပ်ပေးသွားမည်ဖြစ်ပြီး ထို့နောက်တွင် အရေးယူမှုများရှိလာနိုင်ကြောင်း ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် ဦးလှသိန်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ဇူလိုင်လကုန်ပိုင်းက ဖော်ပြခဲ့သည်။

လက်ရှိတွင် လိုင်စင်လုပ်ပေးနိုင်ခြင်းမရှိသေးဘဲ ဖမ်းဆီးမှုများကိုသာ လုပ်ဆောင်လာနေသည့်အတွက် ဒေသခံပြည်သူများမှာ များစွာအခက်ကြုံတွေ့နေရကြောင်း ပြောဆိုကြသည်။

ဗီဒီယိုများ