အုတ်ဝယ်သူနည်းလာသဖြင့် အုတ်လုပ်ငန်းလုပ်ကိုင်သူများ အရှုံးပေါ်နေ

အိမ်ဆောက်ပစ္စည်းနှင့် ဘိလပ်မြေဈေးနှုန်းများမြင့်တက်နေခြင်းကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများရပ်နားထားရပြီး ရခိုင်ပြည်နယ်အတွင်း အုတ်ဝယ်ယူသူနည်းပါးလာသဖြင့် အုတ်လုပ်ငန်းလုပ်ကိုင်သူများ အရှုံးနှင့်ရင်ဆိုင်နေကြရသည်။

25 Feb 2022

DMG ၊ ဇန်နဝါရီ ၂၅

အိမ်ဆောက်ပစ္စည်းနှင့် ဘိလပ်မြေဈေးနှုန်းများမြင့်တက်နေခြင်းကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများရပ်နားထားရပြီး ရခိုင်ပြည်နယ်အတွင်း အုတ်ဝယ်ယူသူနည်းပါးလာသဖြင့် အုတ်လုပ်ငန်းလုပ်ကိုင်သူများ အရှုံးနှင့်ရင်ဆိုင်နေကြရသည်။

လက်ရှိအုတ်ဝယ်ယူသူနည်းကာ အုတ်ဈေးနှုန်းကျဆင်းလျှက်ရှိသည်။ ယခင်နှစ်များထက် အုတ်ရောင်းအားမှာ ၅၀ ရာခိုင်နှုန်းအထိကျဆင်းသွားခဲ့ပြီး အုတ်လုပ်ငန်းရှင်တို့ အရှုံးပေါ်နေရသည်ဟု စစ်တွေမြို့နယ်၊ ပျားလည်ချောင်းကျေးရွာမှ အုတ်လုပ်ငန်းလုပ်ကိုင်သူ ကိုသိန်းမောင်ကပြောသည်။

“ဘိလပ်မြေဈေးတွေကတက်တော့ ဆောက်လုပ်ရေးတွေရပ်နား နောက်ဆုတ်ထားတာကြောင့်၊ နောက်ပြီး အုတ်ထုတ်လုပ်သူတွေများလာတော့ အုတ်ဈေးနှုန်းတွေကလည်းသိပ်မရတော့ဘူး။ အရင်က အုတ်ချပ်တစ်သိန်းကို (၁၀)ရက်လောက်ဆို ရောင်းထွက်တယ်။ အခုအချိန်မှာတော့ (၁၀)ရက်လောက်မှာ ငါးသောင်းလောက်ပဲထွက်တယ်”ဟု ကိုသိန်းမောင်က DMG ကိုပြောသည်။

ထိုသို့ အုတ်များအရောင်းအဝယ်မဖြစ်သဖြင့် အလုပ်သမားခများ ပေးရန် အခက်အခဲများရှိနေပြီး ချေးငွေယူ၍ လုပ်အားခထုတ်ပေးနေရကြောင်း သိရသည်။

အုတ်ဖုတ်ရန်အတွက် လောင်စာထင်းဝယ်ရာ၌လည်း ယခင်က တေဘာကားတစ်စီးကို ငွေကျပ်(နှစ်သိန်းရှစ်သောင်း)ရှိရာမှ ယခုအခါ ငွေကျပ်(သုံးသိန်းခွဲ)အထိ ဈေးတက်နေသည်ဟု စစ်တွေမြို့နယ်၊ အောင်မင်္ဂလာကျေးရွာမှ အုတ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက DMG သို့ ပြောသည်။

“အိမ်ဆောက်ပစ္စည်းတွေဈေးတတ်တော့ အုတ်ကရောင်းမထွက်ဘူး။ အလုပ်သမားတွေကိုငွေရှင်းတာမှာလည်း အဆင်ပြေအောင်လို့ ဒီလိုပဲလှည့်ပတ်ပြီးရှင်းပေးရတာပေါ့။ လောင်စာတွက် ထင်းကလည်း တေဘာကားတစ်စီးကို အရင်က (၂)သိန်းကျော် လောက်နဲ့ဝယ်ရတာ အခုဆို (၃)သိန်းခွဲထိပေးဝယ်နေရတယ်” ဟု ၎င်းကပြောသည်။

လက်ရှိရခိုင်တွင်ထုတ်လုပ်နေသည့် အုတ်အမျိုးအစားမှာ ဘင်္ဂလားအုတ်နှင့် ကိန်းအုတ်တို့ဖြစ်ကြပြီး ယခင်က ဘင်္ဂလားအုတ် တစ်ချပ်ကို (၁၄၀)ကျပ်ဈေးရှိခဲ့သော်လည်း ယခုအခါ အုတ်တစ်ချပ်ကို (၁၁၅)ကျပ်ဖြင့် ဈေးလျော့ရောင်းချနေရကြောင်း အုတ်လုပ်ငန်းလုပ်ကိုင်နေသူများထံမှ သိရသည်။

ဗီဒီယိုများ