မြေပုံမြို့နယ်မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးအားလုံး နှုတ်ထွက်စာတင်

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၃ ဦး ဖမ်းဆီးခံရပြီးနောက်တွင် ကျန်ရှိသည့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများက ယနေ့(ဇွန်လ ၅ ရက်)တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ တာဝန်မှနှုတ်ထွက်ရန် စာတင်ခဲ့ကြကြောင်း သတင်းရရှိသည်။

05 Jun 2020

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က မြောက်ဦးမြို့နယ်မှ အုပ်ချုပ်ရေးမှူးများ နှုတ်ထွက်စာတင်ရခြင်းအကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေကြစဉ်။

အောင်ထိန် ၊ နှင်းနွယ် | DMG
ဇွန် ၅ ၊ မြေပုံ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၃ ဦး ဖမ်းဆီးခံရပြီးနောက်တွင် ကျန်ရှိသည့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများက ယနေ့(ဇွန်လ ၅ ရက်)တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ တာဝန်မှနှုတ်ထွက်ရန် စာတင်ခဲ့ကြကြောင်း သတင်းရရှိသည်။

ရပ်/ကျေးအုပ်ချုပ်ရေးမှူး (၃)ဦးကို တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့မှပူးပေါင်းဖမ်းဆီးကာ အကြမ်းဖက်မှု တိုက်ဖျက် ရေးဥပဒေဖြင့် အမှုဖွင့်လှစ်ထားသဖြင့် ကျန်အုပ်ချုပ်ရေးမှူး ၆၈ ဦးတို့မှာ လုံခြုံမှုမရှိဟုဆိုကာ နှုတ်ထွက်စာ တင်ကြခြင်းဖြစ်သည်။

“အုပ်ချုပ်ရေးမှူးတွေကိုချည်း ဖမ်းဆီးလာနေတဲ့အတွက် မိမိကိုယ် လုံခြုံမှုမရှိသလိုတွေ့လာတယ်။ ဒီနေ့ ကျနော်တို့အနားက အုပ်ချုပ်ရေးမှူးတစ်ဦးကိုဖမ်းရင် နောက်နေ့ကျနော်တို့ အလှည့်ရောက်လာမှာပဲ။ အဲဒါ ကြောင့် ကျနော်တို့စိုးရိမ်တဲ့အတွက် အခုလိုလုပ်ဆောင်ရတာဖြစ်တယ်” ဟု မြေပုံမြို့နယ်မှ အမည်မဖော်လိုသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

ယင်းအပြင် တိုက်ပွဲဖြစ်ပွားနေသည့် နှစ်ဖက်လက်နက်ကိုင်အဖွဲ့အစည်းကြားတွင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ကြားညှပ်နေရပြီး လုံခြုံမှုမရှိတော့ကြောင့် ၎င်းကဆိုသည်။

လက်ရှိမှာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးအားလုံး ဖမ်းဆီးခံရမည်ကိုစိုးရိမ်သဖြင့် တိမ်းရှောင်နေကြကြောင်းလည်း သိရသည်။

ယင်းသို့ အုပ်ချုပ်ရေးမှူးများ နှုတ်ထွက်စာတင်သည့်ကိစ္စနှင့်ပတ်သက်ပြီး မြေပုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်ကို DMG က တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါ။

ယခုကဲ့သို့ အုပ်ချုပ်ရေးမှူးများအားလုံးနှုတ်ထွက်သွားပါက မြို့နယ်တစ်ခု၏ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွင် အုပ်ချုပ်ရေးယန္တရားများ ပျက်ပြားလာနိုင်ကြောင်း မြေပုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက သုံးသပ်ပြောဆိုသည်။

“ကျေးရွာနဲ့မြို့ကြားမှာ ဆက်စပ်လုပ်ဆောင်ပေးမယ့်သူတွေ မရှိတော့တဲ့အတွက် တရားဥပဒေ စိုးမိုးရေးအပိုင်း တွေနဲ့ အုပ်ချုပ်ရေးပိုင်းတွေလည်း တဖြည်းဖြည်းပျက်စီးလာနိုင်တယ်”ဟု ဦးဖေသန်းက ဆိုသည်။

မေလ ၃၀ ရက်နေ့က မြေပုံမြို့နယ်၊ အငူရွာသစ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ဇော်နှင့် ရွာသစ်ကေကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်တို့ကို ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများမှ ဖမ်းဆီးပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(ခ)တို့ဖြင့် အမှုဖွင့်လှစ်ထားသည်။

ယခုဇွန်လ ၃ ရက်နေ့တွင်လည်း မြေပုံမြို့ပေါ် မြောက်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းကို ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) ၊ ၅၂ (ခ) တို့ဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

ရခိုင်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည့် ကာလအတွင်း အေအေနှင့် ပတ်သက်ဆက်နွယ်သည်ဆိုသည့် သံသယဖြင့် အရပ်သားများအပါအဝင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများပါ ဖမ်းဆီးစစ်ဆေး တရားစွဲဆိုခံရမှုများ ရှိနေသည်။

ယင်းကဲ့သို့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ဖမ်းဆီးစစ်ဆေးခံရမှုများကြောင့် ၂၀၁၉ ခုနှစ်က ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်နှင့် မင်းပြားမြို့နယ်များမှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ တာဝန်မှနှုတ်ထွက်ရန် သက်ဆိုင်ရာဌာနသို့ စာတင်ခဲ့ကြသည်။

ဗီဒီယိုများ