ဘူးသီးတောင်တွင် တောရိုင်းဆင် နင်းခံရ၍ အမျိုးသား ၂ ဦးသေဆုံး

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ် င/ကျည်တောက်ကျေးရွာအနီးတွင် တောရိုင်းဆင်း နင်းခံရပြီး သေဆုံးနေသည့် မွတ်ဆလင်နှစ်ဦး၏ အလောင်းကို ယနေ့ (ဒီဇင်ဘာလ ၂၀ ရက်)နံနက် ၉ နာရီကျော်ခန့်က တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

By Admin 20 Dec 2022

ဘူးသီးတောင်တွင် တောရိုင်းဆင် နင်းခံရ၍ အမျိုးသား ၂ ဦးသေဆုံး

မောင်တောမြို့နယ်တွင် တွေ့ရသည့် တောဆင်ရိုင်းတစ်ကောင်။ ဓာတ်ပုံ-အောင်ကျော်မင်း

DMG | ဒီဇင်ဘာ ၂ဝ

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ် င/ကျည်တောက်ကျေးရွာအနီးတွင် တောရိုင်းဆင်း နင်းခံရပြီး သေဆုံးနေသည့် မွတ်ဆလင်နှစ်ဦး၏ အလောင်းကို ယနေ့ (ဒီဇင်ဘာလ ၂၀ ရက်)နံနက် ၉ နာရီကျော်ခန့်က တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ မွတ်ဆလင်နှစ်ဦးမှာ င/ကျည်တောက်ကျေးရွာနှင့် အောင်လံပြင်ကျေးရွာအကြားတွင် ဆင်နင်း၍ သေဆုံး ခြင်းဖြစ်ပြီး ၎င်းတို့၏ အမည်နှင့်နေရပ်လိပ်စာကို အတိအကျမသိရသေးကြောင်း အောင်လံပြင်ကျေးရွာနှင့် မိုင်းဝက်ခန့်ကွာဝေးသည့် မီးကျောင်းခေါက်ဆွဲကျေးရွာ တာဝန်ခံ ဦးရော်ဘီကာဗတ်က DMG သို့ပြောသည်။

“အောင်လံပြင်နဲ့ဆိုရင် ကျနော်တို့ရွာနဲ့ မိုင်ဝက်လောက်ဝေးမယ်ထင်တယ်။ သေဆုံးသူတွေက ဆင်နင်းခံရပြီးတော့ သေနေတာပါ။ မျက်နှာတွေလည်း မရှိတော့တဲ့အတွက် ဘယ်ကလာလဲ၊ ဘယ်သူလည်းဆိုတာ ကျနော်တို့ မသိရဘူး။ နှစ်ယောက်စလုံး အမျိုးသားတွေပါ”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် သေဆုံးသွား၏ ရုပ်အလောင်းများကို ယင်းနေရာတွင် သင်္ဂြိုလ်လိုက်ပြီးဖြစ်ကြောင်းလည်း သိရ သည်။ အဆိုပါကျေးရွာအနီးရှိ ဒေသခံများမှာ တောရိုင်းဆင်များနှင့် သွားလာလှုပ်ရှားမှုများ ကြုံတွေ့နေရပြီး ဒေသခံများအနေဖြင့် တောရိုင်းဆင်အန္တရာယ် စိုးရိမ်စရာဖြစ်နေကြောင်း ဦးရော်ဘီကာဗတ်က ဆက်ပြောသည်။

“ကျနော်တို့ဒေသခံတွေက အမြဲတမ်းလိုလို အန္တရာယ်နှင့် ကြုံတွေ့ရတယ်။ စပါးခင်းတွေ၊ ယာခင်းတွေကို အမြဲတမ်း ဖျက်ဆီးတယ်။ အိမ်မှာနေရင်တောင် သတိနဲ့နေ,နေရတယ်။ နောက်ထပ် ဒီလိုဖြစ်မှာကိုလဲ စိုးရိမ်နေရတယ်”ဟု ၎င်းကဆိုသည်။

ထို့အတူ ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တောမြို့နယ် မေယူတောင်တန်းတလျှောက်တွက် တောဆင်ရိုင်းအန္တရာယ်ကို နှစ်စဉ်ကြုံတွေ့နေရပြီး သက်ဆိုင်ရာဌာနများကလည်း ထိန်းသိမ်းခြင်းမရှိသဖြင့် ဒေသခံများအနေဖြင့် သတိထားသွားလာကြရန်လိုကြောင်း မောင်တောမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမောင်အုန်းကပြောသည်။

“ဒီတောဆင်ရိုင်းနဲ့ပတ်သက်ပြီးတော့ မောင်တောဒေသမှာ ပြည်သူတွေ နှစ်စဉ်နှစ်တိုင်း သေဆုံးဒဏ်ရာရသူတွေ ရှိတယ်။ အစိုးရဖက်က သက်ဆိုင်ရာဌာနတွေကို တိုင်ကြားလို့လည်း ဖမ်းဆီးတာတွေလည်းမရှိဘူး။ ဆိုတော့ ပြည်သူတွေကပဲ ကိုယ့်အသိစိတ်နဲ့ကိုယ် ဒီအန္တရာယ်တွေကိုမကြုံရအောင် သတိထားပြီးတော့သွားလာဖို့ လိုအပ်တယ်”ဟု ဉီးမောင်အုန်းက DMG ကိုပြောဆိုထားသည်။

ရခိုင်ပြည်၊ မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့တွင် ဒေသခံများမှာ တောရိုင်းဆင်အန္တရာယ်နှင့် မကြာခဏဆိုသလို ကြုံတွေ့နေရပြီး ဆင်နင်းခံရ၍ သေဆုံးသူများလည်းရှိသည်။

ယခု ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့က မောင်တောမြောက်ပိုင်း ငါးခူရ(ဟိန္ဒူ)ရွာသစ်ရွာ အရှေ့ဖက်လယ်ကွင်းတွင် တောရိုင်းဆင်တစ်ကောင်၏ တိုက်ခိုက်မှုကြောင့် အသက် ၁၃ နှစ်အရွယ် ဒေသခံ ဟိန္ဒူဘာသာဝင် ကလေးငယ်တစ်ဦး သေဆုံးသွားခဲ့သည်။

တောဆင်ရိုင်းများသည် မေယုတောင်တန်း၊ နတ်မြစ်ဖျားနှင့် ဘင်္ဂလားဒေ့ရှ်ဘက်အခြမ်းတို့တွင် နေထိုင်ကျက်စား လေ့ရှိပြီး ယခင်နှစ်များက ရွာအနီးများသို့ လာရောက်မှုနည်းပါးသည်။ သို့ရာတွင် ယခုနှစ်တွင် အုပ်စုလိုက် လာရောက်ကျက်စားလာကြသည်။

သြဂုတ်လမှ စတင်ဖြစ်ပွားလာသော မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တကျော့ပြန်တိုက်ပွဲများ ကြောင့် ဆင်များမှာ တောတွင်းတွင်နေထိုင်ရန် အခက်တွေ့လာသဖြင့် စားကျက်အသစ်ရှာဖွေရန် လာကြခြင်းဟု ဒေသခံများက ယူဆကြသည်။

ဗီဒီယိုများ