လုံ/နယ်ဝန်ကြီး ပြောင်းလဲခန့်အပ်ရန် ဝန်ကြီးချုပ်ဦးညီပုမှ လွှတ်တော်တွင်တင်သွင်း

လက်ရှိတာဝန်ထမ်းဆောင်နေသည့် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်နေရာတွင် ဗိုလ်မှူးကြီး မင်းသန်းအား ပြောင်းလဲခန့်အပ်ရန် ဝန်ကြီးချုပ်မှ တင်သွင်းခဲ့ခြင်းဖြစ်သည်။

By ခိုင်ရိုးလ 14 Aug 2019

ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရန် အဆိုတင်သွင်းခံရသည့် ဗိုလ်မှူးကြီးမင်းသန်းအား လွှတ်တော်အတွင်း တွေ့ရစဉ်။

သြဂုတ် ၁၄ ၊ စစ်တွေ

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအား ပြောင်းလဲခန့်အပ်ရန် ယနေ့ သြဂုတ်လ ၁၄ ရက်နေ့တွင်ကျင်းပသည့် ပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုမှ တင်သွင်းခဲ့သည်။

လက်ရှိတာဝန်ထမ်းဆောင်နေသည့် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်နေရာတွင် ဗိုလ်မှူးကြီး မင်းသန်းအား ပြောင်းလဲခန့်အပ်ရန် ဝန်ကြီးချုပ်မှ တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် တာဝန်ယူရာတွင် အုပ်ချုပ်ရေး၊ စစ်ရေး၊ နိုင်ငံရေးကိစ္စများ၌ အတွေ့အကြုံရှိပြီးဖြစ်၍ အခက်အခဲမရှိနိုင်ကြောင်း ဗိုလ်မှူးကြီး မင်းသန်း ကပြောသည်။

“ကျနော်ဒီတာဝန်ကို အားလုံးလုံလုံခြုံခြုံ၊ ပြေပြေလည်လည်ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ဗိုလ်မှူးကြီးမင်းသန်းက ပြောသည်။ 

ဗိုလ်မှူးကြီးဖုန်းတင့် (ကြည်း ၂၂၆၆၆)အစား ဗိုလ်မှူးကြီးမင်းသန်း(ကြည်း ၂၃၁၅၀)အား အစားထိုးပြောင်းလဲရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဇူလိုင်လ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတစ်ဦးအနေဖြင့် လူထုနှင့်ပြေပြစ်အောင် ဆက်ဆံတတ်ရန်လိုကြောင်း ဝံလက်ဖောင်ဒေးရှင်းမှ အမှုဆောင်ဒါရိုက်တာ ဦးခိုင်ကောင်းစံက ပြောသည်။

“ဘာပဲပြောပြော ဝန်ကြီးတစ်ဦးအနည်းနဲ့တော့ လူထုနဲ့မဖြစ်မနေဆက်ဆံရတဲ့ အခြေအနေမျိုးမှာရှိတယ်ဆိုတော့ မူက မူ၊ စည်းကမ်းက စည်းကမ်းပေါ့။ ဒါပေမဲ့ ဆက်ဆံရေးမှာလည်း လူထုတွေနဲ့ ပြေပြစ်အောင် ဆက်ဆံတတ်တဲ့ဝန်ကြီးတွေဖြစ်မှ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် အထောက်အကူဖြစ်မယ်။ ရခိုင်လူထုတွေနဲ့ တင်းမာမှုဖြစ်နေတယ်ဆိုရင် အဆင်မပြေဘူး” ဟု ၎င်းကပြောသည်။

ဗိုလ်မှူးကြီးမင်းသန်းအား ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် တင်သွင်းထားမှုကို လာမည့်သြဂုတ်လ ၁၆ ရက်နေ့တွင် ပြည်နယ်လွှတ်တော်၌ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်မှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးစိုးတင့်နိုင်ကိုလည်း စစ်ဆင်ရေးလိုအပ်ချက်အရ မကြာမီက အပြောင်းအလဲပြုလုပ်ခဲ့ပြီး ၎င်း၏နေရာတွင် အနောက်မြောက်ပိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဖုန်းမြတ်ကို တာဝန်ပေးအပ်ခဲ့သည်။

 

ဗီဒီယိုများ