ရခိုင်က သမိုင်းဝင်ဘုရားပုထိုးများတွင် နှစ်ကြာရှည်တပ်စွဲနေသည့် စစ်ကောင်စီတပ်စခန်းများကို ရုတ်သိမ်းပေးရန် ဒေသခံများလိုလားနေ 

ယခုနှစ်သင်္ကြန်ကာလတွင် လွတ်လပ်စွာ ဘုရားဖူးမြော်ခွင့်ရရှိရန်နှင့် ဥပုလ်သီလဆောက်တည်ခွင့် ရရှိရေးကို ဒေသခံများ လိုလားနေကြခြင်းဖြစ်သည်။ 

By Admin 10 Mar 2023

မြောက်ဦးမြို့ရှိ ရွှေတောင်ဘုရားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည်ကို ၂၀၂၁ ခုနှစ်အတွင်းက မြင်တွေ့ရစဉ်။
မြောက်ဦးမြို့ရှိ ရွှေတောင်ဘုရားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည်ကို ၂၀၂၁ ခုနှစ်အတွင်းက မြင်တွေ့ရစဉ်။

DMG ၊ မတ် ၁၀

ရခိုင်ပြည်အတွင်းက သမိုင်းဝင် ဘုရားပုထိုးစေတီများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စခန်းချ၍ တပ်စွဲနေထိုင်ခြင်းများကို ရုပ်သိမ်းပေးပြီး လွတ်လပ်စွာ ဘုရားဖူးခွင့်ရရှိရေးကို ဒေသခံများက လိုလားနေကြသည်။ 

စစ်ကောင်စီတပ်မှ တပ်စွဲထားမှုကြောင့် ဘုရားပုထိုးများကို လွတ်လပ်စွာ တက်ရောက်ဖူးမြော်ခွင့် မရရှိသည်မှာ နှစ်ကြာရှည်လာပြီဖြစ်သဖြင့် ယခုနှစ်သင်္ကြန်ကာလတွင် လွတ်လပ်စွာ ဘုရားဖူးမြော်ခွင့်ရရှိရန်နှင့် ဥပုလ်သီလဆောက်တည်ခွင့် ရရှိရေးကို ဒေသခံများ လိုလားနေကြခြင်းဖြစ်သည်။ 

မြောက်ဦးမြို့နယ်၊ ဝေသာလီကျေးရွာမှ ရပ်မိရပ်ဘ ဦးသိန်းထွန်းက “အရင်ကဆိုရင် သင်းကျစ်တော်ဘုရားကို ရွာသားတွေ စုစည်းပြီးတော့ ဘုရားရေသပ္ပါယ်လေ့ ရှိကြတယ်။ စစ်ကောင်စီတပ်တွေ တပ်စွဲထားလို့ ဘုရားရေ မသပ္ပါယ်ရတာ ငါးနှစ်လောက်ရှိပြီ။ ရွာသားတွေက ဒီနှစ်လည်း သွားချင်နေတာ။ အဲဒီ တပ်ရှိနေလို့ သွားလို့မရဘူး” ဟု ၎င်းက ပြောသည်။ 

တပ်စွဲထားမှုကြောင့် နှစ်စဉ်ကျင်းပလေ့ရှိသည့် သင်းကျစ်တော်ဘုရားပွဲကိုလည်း မကျင်းပရသည်မှာ ၅ နှစ်ခန့် အထိရှိပြီဖြစ်ကြောင်း ဦးသိန်းထွန်းက ဆက်ပြောသည်။ သင်းကျစ်တော်ဘုရား တောင်ပေါ်တွင် စစ်ကောင်စီတပ်က ၂၀၁၉ ခုနှစ်အတွင်းကပင် တပ်စွဲနေရာယူခဲ့ခြင်းဖြစ်သည်။ 

ရခိုင်ပြည်အတွင်းက အထင်ကရ ဘုရားပုထိုးများဖြစ်သည့် မြောက်ဦးမြို့နယ်မှ သင်းကျစ်တော်စေတီ၊ လင်းမြွေတောင်ဘုရား၊ ကျောက်တော်မြို့ရှိ သေလာဂီရိ မောရပဗ္ဗတတောင်၊ မင်းပြားမြို့ရှိ ကျိန်းတောင်ဘုရားနှင့် ပန်းမြောင်းကျေးရွာအတွင်းရှိ အောင်မင်္ဂလာစေတီအပြင် ကျေးရွာအနီးရှိ တောင်ဖြူတောင်စေတီ တို့တွင် စစ်ကောင်စီတပ်က ၂၀၁၉ ခုနှစ်မှစတင်ကာ လက်ရှိအချိန်ထိ တပ်စွဲနေထိုက်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

အလားတူ ဘူးသီးတောင်မြို့နယ်ရှိ သုံးဆယ်တစ်ဘုံစေတီ၊ ဂူဒါပြင်ကျေးရွာအနီးရှိ သရက်တောင်စေတီနှင့် ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာအနီး မဟာဇေယျသိဒိ္ဓအောင်တော်မူစေတီ တို့တွင်လည်း စစ်ကောင်စီတပ်က တပ်စွဲနေထိုင်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်စွဲထားသည့် ဘုရားပုထိုးစေတီများအထဲမှ ကျောက်တော်မြို့ရှိ သမိုင်းဝင် သေလာဂီရိမောရပဗ္ဗတတောင် စေတီတော်မြတ်နှင့် မင်းပြားမြို့ရှိ သမိုင်းဝင် ကျိန်းတောင်ဘုရား တို့ကို ဘုရားဖူးခရီးသည်များ ဖူးမြော်ခွင့်ရရှိရန် သွားလာခွင့်ပေးထားသည်ဟု သိရသည်။ 

သို့သော် ဘုရားပုရဝုဏ်အတွင်း စစ်ကောင်စီတပ်စခန်းများ ရှိနေ၍ ဘုရားဖူးခရီးသည်များမှာ စိုးရိမ်စိတ်များဖြင့် ဖူးမြော်နေရသည့်အတွက် တပ်စွဲထားခြင်းကို ရုပ်သိမ်းပေးရန် ဒေသခံများနှင့် ဂေါပကအဖွဲ့များက တောင်းဆိုကြသည်။ 

မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာအတွင်းရှိ အောင်မင်္ဂလာစေတီတွင်လည်း စစ်ကောင်စီတပ်က တပ်စွဲနေထိုင်လျက် ရှိသည့်အတွက် ကျေးရွာသားများမှာ စိုးရိမ်မှုများဖြစ်နေရသည်ဟု ပန်းမြောင်းကျေးရွာမှ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။ 

“ရွာသားတွေကတော့ အဲဒီတပ်စခန်းရှိနေလို့  ကြောက်ပြီး စစ်ဘေးရှောင်စခန်းမှာ နေတဲ့လူနေကြတယ်။ အဲဒီတပ်စခန်းတွေကို ရွာမှာ မရှိစေချင်တော့ဘူး။ အဲဒီတပ်စခန်းရှိနေလို့ ဘုရားကိုလည်း သွားလို့မရဘူး။ သင်္ကြန်တွင်း ဘုရားရေသပ္ပါယ်ဖို့လည်း သွားလို့မရဘူး” ဟု ၎င်းက ပြောသည်။  

သမိုင်းဝင် ဘုရားပုထိုးစေတီများတွင် လက်ရှိ တပ်စွဲနေရာယူထားသည့် စစ်ကောင်စီတပ်စခန်းများ အနေဖြင့် ၎င်းတို့၏ မူလနေရာသို့ တပ်ဆုတ်ပေးသင့်ကာ တပ်စွဲခဲ့သည့် နေရာများကိုလည်း မိုင်းရှင်းလင်းရေးများ လုပ်ပေးသင့်ကြောင်း လွှတ်တော်အမတ်ဟောင်း ဦးအောင်သောင်းရွှေက ပြောသည်။

“အခုက သင်္ကြန်ကာလလည်း နီးလာတယ်။ ဒီလို အခါကြီးနေ့ကြီးတွေမှာ ဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့ ရခိုင်လူမျိုးတွေ ဘုရားပုထိုးတွေကို သွားလာဖို့ခွင့်ပြုသင့်တယ်။ အခုလို အပစ်ခတ်ရပ်စဲထားတဲ့ ကာလမှာတောင် သွားလာခွင့်ပိတ်ထားတယ်။ သူတို့က တကယ် စေတနာကောင်းရှိရင် ဘုရားပုထိုးတွေက တပ်တွေကို ဆုတ်ပေးသင့်တယ်” ဟု သူက ပြောသည်။ 

ရခိုင်က ဘုရားပုထိုးစေတီများတွင် စစ်ကောင်စီမှ တပ်စွဲနေထိုင်နေခြင်းနှင့်ပတ်သတ်၍  ရခိုင်ပြည်နယ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMGမှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိပေ။ 

ရခိုင်ပြည်အတွင်းက သမိုင်းဝင်ဘုရားပုထိုးစေတီများတွင် မြန်မာစစ်တပ်က တပ်စွဲနေထိုင်ခြင်းမှာ ဂျနီဗာ ကွန်ဗင်းရှင်း (Geneva Convention)ကို ချိုးဖောက်ရာရောက်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော်(ULA/AA)က ထောက်ပြ ပြောဆိုထားသည်။ 

#R005

ဗီဒီယိုများ