စစ်ကောင်စီမှ ဖမ်းဆီးထားသည့်သတင်းသမား ၅၂ ဦးမှ ၁၇ ဦး လွတ်မြောက်

စစ်ကောင်စီမှဖမ်းဆီးထားသည့် မြန်မာနိုင်ငံတစ်ဝန်းမှ သတင်းသမား ၅၂ ဦးတွင် ၁၇ ဦးကို ပြန်လည်လွှတ်ပေးခဲ့ကြောင်းနှင့် မလွတ်မြောက်သေးသည့် သတင်းသမား ၃၅ ဦး ကျန်ရှိနေသေးကြောင်း ဖမ်းဆီးခံသတင်းသမားများ စာရင်းကောက်ယူနေသည့် Myanmar Press Freedom In-Depth မှ သိရသည်။

22 Oct 2021

ပြန်လည်လွတ်မြောက်လာသည့် မြစ်ကြီးနာဂျာနယ်သတင်းထောက် အဂျဲ၊ မမျိုးမြတ်မြတ်ပန်၊ ခရစ္စတို (ဓာတ်ပုံ - ဆိုင်းမိုင်မရန်)


DMG ၊ အောက်တိုဘာ ၂၂

စစ်ကောင်စီမှဖမ်းဆီးထားသည့် မြန်မာနိုင်ငံတစ်ဝန်းမှ သတင်းသမား ၅၂ ဦးတွင် ၁၇ ဦးကို ပြန်လည်လွှတ်ပေးခဲ့ကြောင်းနှင့် မလွတ်မြောက်သေးသည့် သတင်းသမား ၃၅ ဦး ကျန်ရှိနေသေးကြောင်း ဖမ်းဆီးခံသတင်းသမားများ စာရင်းကောက်ယူနေသည့် Myanmar Press Freedom In-Depth မှ သိရသည်။

ပြန်လည်လွတ်မြောက်လာသည့် သတင်းသမားများမှာ (DVB) သတင်းဌာနမှ ကိုမင်းညို၊ ကိုအောင်ကျော်၊ ကိုသက်နိုင်ဝင်း၊ (Mizzima)မှ မသင်းသင်းအောင်၊ ဂျမ်းပူထောင်း၊ အလွတ်တန်း သတင်းထောက် ကိုဇော်ဇော်၊ မြစ်ကြီးနားဂျာနယ်မှ အဂျဲ၊ မမျိုးမြတ်မြတ်ပန်၊ ခရစ္စတိုဖာ၊(74 Media)မှ မချန်ဘူတို့ဖြစ်ကြသည်။

ယင်းအပြင် (Kachin Wave)မီဒီယာမှ ကိုလရော်၊ (The Voice of Tanbuzayat )မှ ထက်မြက်သူ၊ (The Thanlyin Post)မှ မတူးတူးသာ၊ (Dakhina Insight Media)မှ ကိုနိုင်လင်းထွန်း၊ (Tomorrow)သတင်းဌာနမှ ကိုအောင်ကျော်ဦး၊ တာချီလိတ်သတင်းအေဂျင်စီမှ ကိုကျော်ဇင်ဟိန်းနှင့် မြန်မာသံတော်ဆင့်သတင်းဌာနမှ မဝိုင်းမော်တို့ဖြစ်ကြသည်။

သတင်းသမားများလွတ်လာသည့်အပေါ်တွင် ဝမ်းသာကြိုဆိုကြောင်းနှင့် သတင်းသမားများ သတင်းရေးခြင်းသည် ရာဇဝတ်မှုမဟုတ်သည့်အတွက် ကျန်ရှိနေသည့် သတင်းသမားများအားလုံးကိုလည်း လွှတ်ပေးသင့်ကြောင်း လုံခြုံရေးအရအမည်မဖော်လိုသည့် Mizzima သတင်းဌာနမှ အလွတ်တန်းသတင်းထောက်တစ်ဦးက ပြောသည်။

“ကျနော်တို့သတင်းဌာနက သတင်းထောက်တွေကို ဖမ်းဆီးတာတွေ လုပ်နေတဲ့အခါကျတော့ ပြည်သူတွေအတွက် သတင်းကို အပြင်ထွက်ပြီးတော့ လွတ်လွတ်လပ်လပ်လိုက်လို့မရဘူး ဖြစ်နေတယ်။ သတင်းလိုက်တာက ခိုးကြောင်ခိုးဝှက်လိုပုံစံမျိုးနဲ့ လုပ်နေရတယ်။ ဟိုနေရာသွားလို့မရ၊ ဒီနေရာသွားလို့မရဘူးပေါ့။အခုဆိုရင်လည်း အစိုးရအဖွဲ့နဲ့သက်ဆိုင်တဲ့နေရာတွေကို သွားလာဖို့ အဆင်မပြေဘူး။ အမြဲတမ်းလုံခြုံရေးကို စိုးရိမ်နေရတယ်”ဟု ၎င်းကဆိုသည်။

ယခုလွတ်မြောက်လာသည့် သတင်းသမား(၁၇)ဦးမှာ အောက်တိုဘာလ ၁၉ ရက်နေ့နှင့် အောက်တိုဘာ ၂၀ ရက်နေ့က အကျဉ်းထောင်အသီးသီးမှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခြင်းဖြစ်သည်။

သို့သော် ဖမ်းဆီးခံထားရဆဲ သတင်းသမားများမှာ Frontier Myanmar၊ Mizzima ၊The Voice ၊Tomorrow ကမာရွတ်မီဒီယာ၊ သင်္ဃန်းကျွန်းပို့စ်၊ ကမ္ဘောဇတိုင်းမ်၊ သံလွင်သွေးချင်း၊ ဧရာဝတီတိုင်းမ်၊ အကုန်သိ၊ မအူပင်ဟစ်တိုင်၊ ရွှေဖီမြေ စသည့် သတင်းဌာနများမှ သတင်းထောက်များနှင့် ဆောင်းပါးရှင်၊ အလွတ်တန်းသတင်းထောက်များအပါအဝင် စုစုပေါင်း (၃၅) ဦးဖြစ်ကြောင်း Myanmar Press Freedom In-Depth မှ သိရသည်။

အကြောင်းအမျိုးမျိုးကြောင့် ဆန္ဒပြမှုတွင်ပါဝင်ခဲ့သဖြင့် အရေးယူခံရပြီး အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် အကျဉ်းကျခံနေကြရသော အကျဉ်းသား/သူ (၁၃၁၆)ဦးနှင့် တရားစွဲဆိုခြင်းခံနေရသူ (၄၃၂၀)ဦးတို့၏ ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများကိုပိတ်သိမ်း၍ တရားခံများအား အမှုမှလွှတ်ရန် အောက်တိုဘာလ ၁၈ ရက်နေ့က စစ်ကောင်စီမှ ထုတ်ပြန်ခဲ့သည်။

ထိုသို့အမှုပိတ်သိမ်းပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်သည့် အကျဉ်းသူ/သားနှင့် တရားစွဲဆိုခံထားရသူဦးရေ ၅၀၀၀ ကျော်တွင် အကုန်လုံးမလွတ်မြောက်လာခြင်းမရှိသေးကြောင်းနှင့် သတင်းကိစ္စဖြင့် ဖမ်းဆီးခံထားရသူများ လွတ်မြောက်လာရန်မျှော်လင့်ကြောင်း မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီဝင်ဟောင်း ဖြစ်သူ ဦးမြင့်ကျော်က ပြောသည်။

“ကျနော်တို့ကတော့ သတင်းသမားအားလုံး ပြန်လွတ်လာဖို့ မျှော်လင့်တယ်။ လွတ်သင့်တယ်လို့ထင်တယ်။ ဒီသတင်းသမားတွေနေတဲ့ ရန်ကုန်မှာရော၊ နယ်တွေမှာရော ကျန်ရှိနေတဲ့သူတွေ အများကြီးရှိတယ်ဆိုတော့ မီဒီယာမှာ နာမည်ခဏခဏဖော်ပြတဲ့သူတွေပဲ လွတ်တာမျိုးမဟုတ်ဘဲ သတင်းကိစ္စနဲ့ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့သူတွေ အားလုံးပြန်လွတ်ဖို့တိုက်တွန်းချင်တယ်” ဟု ၎င်းကပြောသည်။

ယင်းအပြင် သတင်းသမားများကို ဖမ်းဆီးတရားစွဲဆိုခြင်းမှာ ဖမ်းဆီးခံရသော သတင်းသမားများနှင့် လက်ရှိသတင်းလုပ်ငန်းလုပ်ကိုင်နေသူများအတွက် အလွန်စိုးရိမ်စရာအနေအထားဖြစ်ကြောင်း ၎င်းကသုံးသပ်ပြောဆိုသည်။

လက်ရှိဖမ်းဆီးခံထားရဆဲဖြစ်သည့် သတင်းသမားအများစုမှာ နိုင်ငံတော်တော်အကြည်ညိုပျက်စေမှုပုဒ်မ- ၅၀၅(က)၊ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ- ၁၇(၁)တို့ဖြင့် တရားစွဲဆိုခံထားရသည်။

မတရားဖမ်းဆီးခံထားရသည့်သတင်းသမားများ၊ ဂျာနယ်လစ်များကို ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးရန်၊ သတင်းလွတ်လပ်ခွင့် အပြည့်အဝအာမခံပေးရန်၊ သတင်းမီဒီယာများအားလုံးကို သတင်းလုပ်ငန်းများ လွတ်လပ်စွာလုပ်ကိုင်ခွင့်ပေးရန်  Myanmar Press Freedom In-Depth က တောင်းဆိုထားသည်။

ဗီဒီယိုများ