မောင်တောတွင် မိုင်းနင်းမိ၍ ကျောင်းသားတစ်ဦးသေဆုံး၊ ရခိုင်တွင် မိုင်းကြောင့် သေဆုံးမှုတိုးလာ

သေဆုံးသူမှာ ၅ တန်းကျောင်းသား မောင်ကျော်စိုးဖြစ်ပြီး ခမောင်းဆိပ်ကျေးရွာ ရဲစခန်း နှင့် ၁၅ ပေခန့်အကွာရှိ ဘန်ကာတစ်ခုနံဘေးတွင် ငှက်ကိုင်း ထောင်နေစဉ် မိုင်းနင်းမိခြင်းဖြစ်သည်။

By Admin 03 Feb 2023

မောင်တောတွင် မိုင်းနင်းမိ၍ ကျောင်းသားတစ်ဦးသေဆုံး၊ ရခိုင်တွင် မိုင်းကြောင့် သေဆုံးမှုတိုးလာ

မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသွာသည့် ကိုကျော်စိုးကို တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့

DMG ၊ ဖေဖော်ဝါရီ ၃

ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ခမောင်းဆိပ်ကျေးရွာမှ ၅ တန်းကျောင်းသားတစ်ဦးသည် ဖေဖော်ဝါရီလ ၂ ရက်နေ့ မွန်းလွဲပိုင်းက မိုင်းနင်းမိ၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ ၅ တန်းကျောင်းသား မောင်ကျော်စိုးဖြစ်ပြီး ခမောင်းဆိပ်ကျေးရွာ ရဲစခန်း နှင့် ၁၅ ပေခန့်အကွာရှိ ဘန်ကာတစ်ခုနံဘေးတွင် ငှက်ကိုင်း ထောင်နေစဉ် မိုင်းနင်းမိခြင်းဖြစ်ကြောင်း  အဒေါ်ဖြစ်သူ ဒေါ်ခင်မျိုးငြိမ်းက ပြောသည်။

“ သူ့ကိုသတိမထားမိသေးဘူး။ သူပျောက်နေတယ်ဆိုပြီးရှာတော့ ၃ နာရီလောက်မှာ တွေ့တယ်။ သူက အိမ်ကနေ ငှက်ကိုင်းထောင်ဖို့ အမြဲတမ်းသွားနေကျပါ။ ကိုယ့်တူတစ်ယောက်ဆုံးသွားတာ စိတ်မကောင်း ဖြစ်တယ်။ သူ့မိဘတွေလည်း ကြေကွဲခံစားကြရတယ်” ဟု ဒေါ်ခင်မျိုးငြိမ်းက ပြောသည်။

ထိုသို့ မိုင်းပေါက်ကွဲမှုကြောင့် မောင်ကျော်စိုး၏ ဦးခေါင်းနှင့် မျက်နှာ ခြေလက်၊ ခန္ဓာကိုယ်အနှံတွင် ဒဏ်ရာရှိကာ သေဆုံးသွားခြင်းဖြစ်ပြီး ရုပ်အလောင်းကို ယနေ့ သင်္ဂြိုဟ်သွားမည်ဖြစ်ကြောင်း မိသားစုဝင်ထံမှ သိရသည်။

လက်ရှိ မိုင်းပေါက်ကွဲသည့် ခမောင်းဆိပ်ရဲ စခန်းအနီးတွင် ယခင်က မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ခမောင်းဆိပ်ကျေးရွာတွင် လူဦးရေတစ်ထောင်ခန့်ရှိပြီး ဒေသခံများမှာ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းနှင့် တောတောင်ကို အမှီပြုကာ လုပ်ကိုင်စားသောက်ကြသူများဖြစ်သည်။

ခမောင်းဆိပ်ကျေးရွာသားတစ်ဦးက “ အဲဒီကလေးကိစ္စကြောင့် တစ်ရွာသားလုံး စိုးရိမ်နေကြပြီ။ အခုဆို လယ်ယာသွားမလုပ်ဖို့၊ တောထဲတောင်ထဲသွားပြီး ထင်းမခုတ်ဖို့၊ ရဲစခန်းတွေနဲ့ နီးစပ်တဲ့ နေရာတွေကို မသွားဖို့ကို အားလုံး တစ်ယောက်နဲ့တစ်ယောက် အသိပေးနေရတယ်။ ရွာသားတွေ အကုန်လုံးက အဲဒီဟာတွေနဲ့ပဲ လုပ်စားနေကြရတော့ နောက်ဆို စားဝတ်နေရေးတွေတောင် ဘယ်လိုဖြစ်လာမလဲမသိဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့ကလည်း မင်းပြားမြို့၊ ဖားပြိုကျေးရွာမှ  အသက် (၅၉) နှစ် အရွယ် အမျိုးသားတစ်ဦးမှာ ကျေးရွာနှင့် ၂ ဖာလုံဝေးသည့် ရာမောင်တံတားအရှေ့ဘက်၊ ဆနွင်းတောင်အနီး သစ်ခုတ်ရန်သွားစဉ် မိုင်းနင်းမိ၍ နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။

ရခိုင်တွင် တကျော့ပြန်တိုက်ပွဲရပ်တန့်ခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်နေ့မှ စတင်ကာ ယနေ့အထိ မှိုင်းပေါက်ကွဲမှုများကြောင့် သေဆုံးသူ ၃ ဦးနှင့် ဒဏ်ရာရရှိသူ ၅ ဦးအထိရှိလာပြီဖြစ်သည်။

#I002

■ ဆက်စပ်သတင်းများ

မင်းပြားတွင် မိုင်းနင်းမိ၍ အမျိုးသားတစ်ဦး သေဆုံး

ဘူးသီးတောင်တွင် မြေမြှုပ်မိုင်းပေါက်ကွဲပြီး ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ 

မြောက်ဦးတွင် မိုင်းနင်းမိ၍ လူငယ်တစ်ဦး  ပြင်းထန်ဒဏ်ရာရ

ဗီဒီယိုများ