ရုရှားကျူးကျော်စစ်ကြောင့် မြောက်ဦးဒေသ UNESCO ဝင်ရန် နှောင့်နှေးနိုင်ဟု ရှေး/သုပြော

ရုရှားကျူးကျော်စစ်ကြောင့် မြောက်ဦးဒေသကို သတ်မှန်ချိန်အတွင်း ကွင်းဆင်းမစစ်ဆေးနိုင်ဘဲ UNESCO ဝင်ရန် နှောင့်နှေးသွားနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူတို့ကဆိုသည်။

16 Aug 2022

DMG ၊ သြဂုတ် ၁၆

ရုရှားကျူးကျော်စစ်ကြောင့် မြောက်ဦးဒေသကို သတ်မှန်ချိန်အတွင်း ကွင်းဆင်းမစစ်ဆေးနိုင်ဘဲ UNESCO ဝင်ရန် နှောင့်နှေးသွားနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူတို့ကဆိုသည်။

မြောက်ဦးဒေသကို ကွင်းဆင်းစစ်ဆေးရန် ၂၀၂၂ ခုနှစ် စက်တင်ဘာလမှ ၂၀၂၃ ခုနှစ် ဇွန်၊ ဇူလိုင်လအထိ သတ်မှတ်ထားသော်လည်း လက်ရှိအချိန်ထိ မည်သည့် UNESCO အဖွဲ့မှ လာရောက်စစ်ဆေးမည်ကိုမသိရှိရသေးကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။

(International Council on Monuments and Sites) (ICOMOS)မှ လာရောက်စစ်ဆေးမည့်အဖွဲ့ကို ဆုံးဖြတ်ပေးမည့် ကမ္ဘာ့အမွေအနှစ်ကော်မတီ အထွေထွေညီလာခံကို ရုရှားနိုင်ငံ ၊ ကာဇန်မြို့တွင် ယခုနှစ် ဇွန်လ၊ ဇူလိုင်လတွင်ကျင်းပမည်ဟု သတ်မှတ်ထားခဲ့သည်။

သို့သော် ရုရှားနှင့် ယူကရိန်း၏ စစ်ရေးပဋိပက္ခကြောင့် ယင်းညီလာခံကို မပြုလုပ်နိုင်သေးဘဲ ရွှေ့ဆိုင်းထားရသည်ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ကမ္ဘာ့အမွေအနှစ်ဒေသများဌာနခွဲ၊ နေပြည်တော်မှ ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးကဆိုသည်။

“ကမ္ဘာ့အမွေအနှစ်ပညာရှင်တွေ တွေ့ဆုံမယ့်ညီလာခံမှာ မြောက်ဦးကိုလာရောက်မယ့် ပညာရှင်တွေကို ဆုံးဖြတ်ပေးမှာဖြစ်တယ်။ ဒါပေမဲ့ အဲဒီညီလာခံကို ရုရှားနိုင်ငံမှာကျင်းပမှာဖြစ်တယ်။ အခုတော့ မကျင်းပနိုင်သေးဘဲ ရွှေ့ဆိုင်းထားရတယ်။ ဘာကြောင့် ရွှေ့ဆိုင်းထားလည်းဆိုတော့ ရုရှားနိုင်ငံနဲ့ ယူကရိန်းစစ်ရေးပဋိပက္ခကြောင့်ပေါ့နော်”ဟု ၎င်းကပြောသည်။

မြောက်ဦးဒေသကို UNESCO အဖွဲ့မှ သတ်မှတ်ချိန်အတွင်း ကွင်းဆင်းမစစ်ဆေးနိုင်ပါက UNESCO ဝင်ရန်လည်း အလှမ်းဝေးနိုင်သလို ရခိုင်ပြည်သူလူထုတစ်ရပ်အနေဖြင့် စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် အဖက်ဖက်မှ နစ်နာသွားနိုင်ကြောင်းလည်း ဦးသန်းဇော်ဦးက ဆက်လက်ပြောကြားသည်။

“သတ်မှတ်ထားတဲ့အချိန်မှာ ပညာရှင်တွေ လာရောက်စစ်ဆေးမယ်ဆိုရင်တော့ လာမယ့် ၂၀၂၃ ခုနှစ်မှာ UNESCO ပညာရှင်တွေက ဝေဖန်ဆုံးဖြတ်သုံးသပ်တဲ့အခါ ပါသွားမယ်။ အရေးကြီးတာကတော့ ပညာရှင်တွေ လာရောက်စစ်ဆေးဖို့ပဲ။ ဒီနှစ်လာစစ်တယ်ဆိုရင် ၂၀၂၃ ခုနှစ် UNESCO ဝေဖန်သုံးသပ်တဲ့အခါ ပါသွားမယ်။ သတ်မှတ်ချိန်ကျော်လွန်ပြီး နောက်နှစ်မှ လာစစ်မယ်ဆိုရင်တော့ နောက်တစ်နှစ် နောက်ဆုတ်သွားမှာပေ့ါ”ဟု ၎င်းကဆိုသည်။

လက်ရှိမှာ ကမ္ဘာ့အမွေအနှစ်ကော်မတီ အထွေထွေညီလာခံကို ပြန်လည်ကျင်းပမည့် အချိန်နှင့်နေရာကို အကြောင်းပြန်ခြင်းမရှိသေးကြောင်းလည်းဆိုသည်။

ကမ္ဘာ့အမွေအနှစ် အထွေထွေညီလာခံမှာ နိုင်ငံပေါင်း(၁၉၄)နိုင်ငံက ကမ္ဘာ့အမွေအနှစ်ပညာရှင်များ၊ အခြားယဉ်ကျေးမှုအမွေအနှစ်နှင့်ပတ်သက်သည့် အဖွဲ့အစည်းများက တက်ရောက်မည်ဖြစ်ကာ ညီလာခံကျင်းပရာမှာလည်း တစ်နှစ်တစ်နိုင်ငံစီ အလှည့်ကျ ကျင်းပခြင်းဖြစ်သည်။

မြောက်ဦးယဉ်ကျေးမှုဒေသကို ကွင်းဆင်းစစ်ဆေးမည့် ပညာရှင်များ လာရောက်စစ်ဆေးချိန် အဆင်သင့်ဖြစ်နေစေရန်အတွက် သက်ဆိုင်သည့်လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေသည်ဟု ရှေးဟောင်းသုတေတနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မြောက်ဦးဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးကြည်ခင်ကပြောသည်။

“ကျနော်တို့မှာ ရုံးလုပ်ငန်းတွေ၊ စာရွက်စာတန်းတွေနဲ့ သူတို့စစ်ဆေးမဲ့ဖိုင်တွဲကိစ္စတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။ ဖိုင်ပေါင်းက ၁၀၀ ကျော်ရှိတယ်။ script ရေးရမယ့်ကိစ္စတွေလည်း လုပ်ဆောင်နေတယ်။ တချို့ကိစ္စတွေကိုတော့ မိုးတွင်းကာလဖြစ်တဲ့အတွက် ရပ်ဆိုင်းထားရတာတွေလည်းရှိပါတယ်”ဟု ၎င်းကဆိုသည်။

မြောက်ဦးဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတင်သွင်းနိုင်ရေးအတွက် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ အစိုးရသက်တမ်း (၅)နှစ်တာကာလအတွင်းဆောင်ရွက်ခဲ့သော်လည်း လက်ရှိအချိန်ထိ အပြီးမသတ်နိုင်သေးကြောင်း သိရသည်။

ထိုသို့ UNESCO ဝင်ရောက်ရေးကြိုးပမ်းရာတွင် ကိုဗစ်ကပ်ဂေါဖြစ်ပွားမှုနှင့် ရခိုင်တွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့်လည်း ကြန့်ကြာမှုဖြစ်ပေါ်စေခဲ့သည်။

မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုဒေသကို ကမ္ဘာ့အမွေအနှစ်(UNESCO)စာရင်းဝင်နိုင်ရန် မြောက်ဦးဒေသခံများနှင့် ရခိုင်တစ်ပြည်နယ်လုံးက ပြည်သူတို့က မျှော်လင့်နေကြသည်။

ဗီဒီယိုများ