စစ်တွေတွင် သက်ကြီးပိုင် နိုင်ငံရေးသမား‌ဟောင်းတစ်ဦးကို စစ်ကောင်စီ ဖမ်းဆီးထား  

ရခိုင်ပြည်၊ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်မှ အသက် ၆၉ နှစ်အရွယ် နိုင်ငံရေးသမားဟောင်း တစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးထားပြီး မိသားစုဝင်များနှင့် တွေ့ခွင့်မပေးကြောင်း သိရသည်။

By Admin 08 Dec 2023

စစ်ကောင်စီက ဖမ်းဆီးထားသော နိုင်ငံရေးသမားဟောင်း ဦးဖိုးလှ။ 
စစ်ကောင်စီက ဖမ်းဆီးထားသော နိုင်ငံရေးသမားဟောင်း ဦးဖိုးလှ။ 

ဖမ်းဆီးခံရသူ ဦးဖိုးလှမှာ ဒီဇင်ဘာ ၂ ရက်၊ ည ၆ နာရီက နေအိမ်၌ရှိနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မျက်နှာကို အဝတ်ဖြင့်စည်း၍ ဖမ်းဆီးသွားခြင်းဖြစ်သည်။ 

“ကျနော်တို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ စုံစမ်းသိရတာကတော့ အဖေ့ကို စရဖရုံးမှာ ချုပ်နှောင်ထားတယ်လို့ သိရတယ်” ဟု သားဖြစ်သူ ဦးအောင်ဇော်ခိုင်က ပြောသည်။

ဦးဖိုးလှမှာ ယခင်က ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP/ALA)တွင် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ နောက်ပိုင်းတွင် ခေါင်းဆောင်အချို့နှင့် သဘောထားမတိုက်ဆိုင်မှုကြောင့် ဗိုလ်ချုပ် ခိုင်ရာဇာ ဦးဆောင်သည့် ရခိုင်အမျိုးသားညီညွတ်ရေးပါတီ (NUPA/AA)နှင့် လက်တွဲခဲ့ကြောင်း သိရသည်။ 

ယခင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နေထိုင်ခဲ့ပြီး ဦးသိန်းစိန်အစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးအစီအစဉ်ဖြင့် ပြည်တွင်းသို့ဝင်ရောက်ကာ မိသားစုနှင့်အတူ အေးချမ်းစွာ နေထိုင်နေခြင်းဖြစ်သည်။ 

စစ်ကောင်စီက ဦးဖိုးလှကိုဖမ်းဆီးမှုနှင့်ပတ်သက်၍ မိသားစုဝင်များထံ အကြောင်းကြားလာခြင်း မရှိသေးပေ။ ဖမ်းဆီးခံရမှုအသေးစိတ်ကို မသိရသေးသော်လည်း နိုင်ငံရေးသမားဟောင်းဖြစ်၍ဟု မိသားစုဝင်များက ယူဆကြသည်။ သို့သော်လည်း ၎င်းမှာ နိုင်ငံရေးလောကမှ အနားယူထားသည်မှာ ၁၀ ကျော်နေပြီဟု မိသားစုဝင်များက ပြောသည်။

“အဖေက တချိန်က နိုင်ငံရေးသမားဆိုပေမယ့် အခုက ဘာမှမဆိုင်တော့သလို အသက်လည်းကြီးနေပြီ။ ဒီကြားထဲ ရောဂါအခံရှိတာမို့ ဆေးဝါးမပြတ်သုံးစွဲနေရတာ။ အခုကတွေ့ခွင့်လည်းမရှိတော့ အဖေ့အတွက် ကျနော်တို့ အရမ်းစိုးရိမ်နေမိတယ်” ဟု သားဖြစ်သူ ဦးအောင်ဇော်ခိုင်က ပြောသည်။
 
ဦးဖိုးလှမှာ ဆီးချို၊ သွေးချိုနှင့် ကျောက်ကပ်ရောဂါများအပြင် အသက်ကြီးနေပြီဖြစ်၍ ပြန်လွှတ်ပေးစေလိုကြောင်း သားဖြစ်သူက တောင်းဆိုသည်။

ရခိုင်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA) တို့ တိုက်ပွဲစတင်လာသည့် နိုဝင်ဘာ ၁၃ ရက်မှစ၍ ရခိုင်ဒေသခံ ၇၀ ဦးထက်မနည်းကို စစ်ကောင်စီက အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးထားပြီး ယင်းအထဲမှ ၁၉ ဦးထက်မနည်းကို အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

#D005 #DMG 

ဗီဒီယိုများ