တက္ကသိုလ်ဝင်တန်း စာမေးပွဲကာလ စစ်တွေမြို့ပေါ်က ရပ်ကွက်အချို့တွင် လျှပ်စစ်မီးပြတ်တောက်

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ရခိုင်ပြည်အတွင်းက မြို့ပေါ်နေရာများတွင် စာစစ်ဌာန ၆၀ ဖွင့်လှစ်ကာ စစ်ဆေးနေခြင်းဖြစ်သည်။

By Admin 08 Mar 2023

တက္ကသိုလ်ဝင်တန်း စာမေးပွဲကာလ စစ်တွေမြို့ပေါ်က ရပ်ကွက်အချို့တွင် လျှပ်စစ်မီးပြတ်တောက်

DMG ၊ မတ် ၈

တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေကြသည့်ကာလအတွင်း စစ်တွေမြို့ပေါ်က ရပ်ကွက်အချို့တွင် လျှပ်စစ်မီး ပြတ်တောက်မှုများရှိနေသဖြင့် ကျောင်းသူ၊ကျောင်းသားများ စာဖတ်ရာတွင် အခက်အခဲရှိကြောင်း ကျောင်းသားမိဘများက ပြောဆိုကြသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၈ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

စာမေးပွဲမဖြေဆိုမီ တစ်ရက်အလို မတ်လ ၇ ရက်နေ့က စစ်တွေမြို့ပေါ်ရှိ ပြည်တော်သာရပ်ကွက်နှင့် အနောက်စံပြ ရပ်ကွက်တို့မှာ (ည ၈ နာရီမှ ည ၁၁ နာရီအထိ) လျှပ်စစ်မီး ပြတ်တောက်မှုဖြစ်ပေါ်ခဲ့သည်။

အလားတူ စာမေးပွဲစတင်ဖြေဆိုရသည့် မတ်လ ၈ ရက်နေ့တွင်လည်း စစ်တွေမြို့ ရွေပြည်သာရပ်ကွက်နှင့် လမ်းမတော်တောင်ရပ်ကွက်တို့တွင် (ည ၆ နာရီခွဲမှ ည ၉ နာရီခွဲအထိ) လျှပ်စစ်မီး ပြတ်တောက်ခဲ့ပြန်သည်။

“မီးက မှန်းမရဘူး။ လာချင်တဲ့အချိန် လာတယ်။ ဒီနေ့ဆိုရင် ညနေ ၆ နာရီလောက်ကတည်းက ပြတ်သွားတာ ၉ နာရီခွဲလောက်မှ ပြန်ရတယ်။ အဲဒီအချိန်ရောက်မှတော့ ကျောင်းသားတွေက စာကို ဘယ်အချိန်ဖတ်ရမှာလဲ။ ဖယောင်းတိုင်မီးတွေနဲ့ ဖတ်နေရတယ်။ ကျောင်းသားတွေအတွက် အခက်အခဲရှိတာပေါ့”ဟု လမ်းမတော်တောင် ရပ်ကွက်မှ အမည်မဖော်လိုသည့် ကျောင်းသားမိဘတစ်ဦးကပြောသည်။

လျှပ်စစ်မီး ပြတ်တောက်သည့်အတွက် စာမေးပွဲဖြေဆိုနေကြသည့် ကျောင်းသား၊ ကျောင်းသူများအတွက် စိတ်အနှောက်အယှက်ဖြစ်စေကြောင်း ပြည်တော်သာရပ်ကွက်မှ ကျောင်းဆရာမတစ်ဦးက ထောက်ပြသည်။

“ကျန်တဲ့အချိန်မှာ မီးပြတ်တာကိုတော့ ကျွန်မတို့အနေနဲ့ မပြောလိုပါဘူး။ ကျောင်းသားတွေ စာမေးပွဲစစ်နေတဲ့အချိန် အခုလိုညတွေမှာ မီးပြတ်တာကတော့ မဖြစ်သင့်ဘူး။ ကျောင်းသားတွေအတွက် စိတ်အနှောက်အယှက် ဖြစ်စေတယ်။ နောက်ပြီးတော့ လျှပ်စစ်မီးနဲ့စာဖတ်ရတာနဲ့ ဖယောင်းတိုင်းမီးနဲ့ ဖတ်ရတာ မတူဘူးလေ။ မီးပြတ်မယ်လို့ ကျွန်မတို့တောင် ထင်မထားဘူး”ဟု အမည်မဖော်လိုသည့် ကျောင်းဆရာမတစ်ဦးက ပြောသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလတွင် စစ်တွေမြို့ပေါ် ရပ်ကွက်အချို့၌ လျှပ်စစ်မီး ပြတ်တောက်မှုနှင့် ပတ်သက်ပြီး ပြည်နယ်လျှပ်စစ်ဌာနကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သဖြင့် လတ်တလောတွင် တာဝန်ရှိသူများ၏ တုန့်ပြန်ချက်ကို တစ်စုံတစ်ရာ မရရှိသေးပေ။

စာမေးပွဲ အကြိုကာလနှင့် စာမေးပွဲကာလအတွင်း လျှပ်စစ်မီးပြတ်တောက်မှု မရှိစေရေးအတွက် ဓာတ်အားလိုအပ်ချက်အရ ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲနေသော အသေးစား၊ အလတ်စား၊ စက်မှုလုပ်ငန်းများကို ညနေ ၅ နာရီမှ နောက်တစ်နေ့ နံနက် ၆ နာရီအထိ လုပ်ငန်းဆောင်ရွက်ခြင်းမပြုကြရန် ရခိုင်ပြည်နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းက မတ်လ ၃ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ကာ မေတ္တာရပ်ခံထားသည်။

အနောက်စံပြရပ်ကွက်မှ အမည်မဖော်လိုသည့် ကျောင်းသားမိဘတစ်ဦးကလည်း “မီးပြတ်မယ်ဆိုရင်လည်း နေလည်ပိုင်းတွေမှာ ဖြတ်ပေါ့။ ကျောင်းသားတွေ စာဖတ်တဲ့အချိန် ညတွေမှာမဖြတ်စေချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျောင်းသားတွေအတွက် စိတ်အနှောက်အယှက်ဖြစ်စေတာပေါ့။ ဖြစ်နိုင်မယ်ဆိုရင် တက္ကသိုလ်စာမေးပွဲအချိန် လျှပ်စစ်မီးတွေကို မဖြတ်စေချင်ဘူး”ဟု ပြောသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ရခိုင်ပြည်အတွင်းက မြို့ပေါ်နေရာများတွင် စာစစ်ဌာန ၆၀ ဖွင့်လှစ်ကာ စစ်ဆေးနေခြင်းဖြစ်သည်။

ရခိုင်ပြည်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသူ၊ကျောင်းသား ၁၉,၂၉၀ ဦး ရှိသည့်အထဲမှ စာမေးပွဲ ပထမဆုံးနေ့ဖြစ်သည့် မတ်လ ၈ ရက်နေ့တွင် ဖြေဆိုရန်ပျက်ကွက်သူ ၂,၃၆၂ ဦးရှိခဲ့ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

စနစ်ဟောင်းသင်ရိုးညွှန်းတမ်းဖြင့် ပညာသင်ကြားရမည့်စနစ်သည် ယခုနှစ်တွင် နောက်ဆုံးဖြစ်ပြီး ကျောင်းသား/သူများအနေဖြင့် ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုအောင်မြင်ခြင်း မရှိပါက စနစ်သစ် သင်ရိုးညွှန်းတမ်းဖြင့် ဆက်လက် ပညာသင်ကြားကြရမည်လည်းဖြစ်သည်။

#R007

ဗီဒီယိုများ