ရခိုင်တိုက်ပွဲရပ်တန့်ပြီးနောက် မိုင်းနှင့် စစ်ကျန်လက်နက်ကြောင့် သေဆုံး၊ဒဏ်ရာရရှိသူ ၁၈ ဦးရှိပြီ

သေဆုံးသူထဲတွင် ဘူးသီးတောင်မြို့နယ်မှ ၁ ဦး၊ မောင်တောမြို့နယ်မှ ၂ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ၂ ဦးနှင့် မင်းပြားမြို့နယ်မှ ၁ ဦးတို့ဖြစ်ပြီး ဒဏ်ရာရရှိသူထဲတွင် ဘူးသီးတောင်မြို့နယ်မှ ၅ ဦး၊ မောင်တောမြို့ နယ်မှ ၁ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ၄ ဦးနှင့် မြောက်ဦးမြို့နယ်မှ ၁ ဦး၊ အမ်းမြို့နယ်မှ ၁ ဦးတို့ဖြစ်သည်။

By Admin 10 Feb 2023

ရခိုင်တိုက်ပွဲရပ်တန့်ပြီးနောက် မိုင်းနှင့် စစ်ကျန်လက်နက်ကြောင့် သေဆုံး၊ဒဏ်ရာရရှိသူ ၁၈ ဦးရှိပြီ

ဖေဖော်ဝါရီလ ၂ ရက်နေ့က မောင်တောမြို့နယ်တွင် မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသွားသည့် ၅ တန်းကျောင်းသား။ 

DMG ၊ ဖေဖော်ဝါရီ ၁၀

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တကျော့ပြန်တိုက်ပွဲရပ်တန့်ခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့အထိ မိုင်းနှင့် စစ်ကျန်လက်နက် ပေါက်ကွဲမှုများကြောင့် သေဆုံးသူ ၆ ဦးနှင့် ဒဏ်ရာရရှိသူ ၁၂ ဦးအထိရှိကြောင်း DMG မှ ကောက်ယူထားသောစာရင်းအရ သိရသည်။

သေဆုံးသူထဲတွင် ဘူးသီးတောင်မြို့နယ်မှ ၁ ဦး၊ မောင်တောမြို့နယ်မှ ၂ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ၂ ဦးနှင့် မင်းပြားမြို့နယ်မှ ၁ ဦးတို့ဖြစ်ပြီး ဒဏ်ရာရရှိသူထဲတွင် ဘူးသီးတောင်မြို့နယ်မှ ၅ ဦး၊ မောင်တောမြို့ နယ်မှ ၁ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ၄ ဦးနှင့် မြောက်ဦးမြို့နယ်မှ ၁ ဦး၊ အမ်းမြို့နယ်မှ ၁ ဦးတို့ဖြစ်သည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့က မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသွားသည့် မောင်တောမြို့နယ်၊ ခမောင်းဆိပ်ကျေးရွာမှ ၅ တန်းကျောင်းသား မောင်ကျော်စိုး၏ မိခင်ဖြစ်သူ ဒေါ်အေးမာက “ကျမတို့မှာက (သား) အသက်ဆုံးရှုံးလိုက်ရပြီ။ ရွာကလူတွေကတော့ အသက်အန္တရာယ်ကို စိုးရိမ်ကြပေမဲ့ စားဝတ်နေရေးအတွက် သွားလာ လုပ်ကိုင်စားသောက်နေကြရတာပဲ” ဟု ပြောသည်။

ရခိုင်ဒေသခံများမှာ စစ်ရေးပဋိပက္ခ၏ နောက်ဆက်တွဲဆိုးကျိုးဖြစ်သည့် မိုင်းနှင့်စစ်ကျန်လက်နက် အန္တရာယ်ကို နေ့စဉ်နှင့်အမျှ ရင်ကြုံတွေ့နေရကြသည်။

ရခိုင်ပြည်အတွင်း မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ် ကာကွယ်ရေးနှင့်ပတ်သက်၍ အရပ်ဖက်အဖွဲ့အစည်းများက အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်နေသော်လည်း ထိခိုက်သေဆုံးသူဦးရေမှာ လစဉ်တိုးလာလျက်ရှိသည်။

ထိုသို့ဖြစ်ပွားရခြင်းမှာ ပြည်သူများအနေဖြင့် မိုင်းနှင့်စစ်ကျန်လက်နက်အန္တရာယ် ကာကွယ်ရေးကို ပိုမိုသိရှိရန် လိုအပ်နေသေးခြင်းကြောင့်ဖြစ်သည်ဟု မိုင်းနှင့်ပတ်သက်၍ အသိပညာရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လူထုဘေးဒဏ်ခံနိုင်စွမ်းတိုးမြှင့်ရေးအဖွဲ့ (ACRO)မှ အမှုဆောင်ဒါရိုက်တာ ဦးဇော်ဇော်ထွန်းက ပြောသည်။

“အဓိကတော့ မိုင်းအန္တရာယ်နဲ့ပတ်သက်ပြီး အသိပညာပေးလုပ်တာတွေဟာ ဧရိယာပမာဏ နည်းနေသေးတာတွေ၊ ပြီးတော့ ဒီအတိုင်း အသိပညာပေးရုံမဟုတ်ဘဲ မြေပြင်အထိ လက်တွေ့ သရုပ်ပြတာတွေ လုပ်ပေးနိုင်ဖို့လည်း လိုအပ်နေပါတယ်” ဟု ဦးဇော်ဇော်ထွန်းက ပြောသည်။

ယင်းအပြင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA) နှစ်ဖက်လက်နက်ကိုင်ကြားမှာလည်း ပြည်သူများကြုံတွေ့နေရသည့် အသက်ဘေးအန္တရာယ်ကာကွယ်ရန် မိုင်းရှင်းလင်းရေးနှင့်ပတ်သက်၍ ခိုင်မာသော သဘောထားတည်ဆောက်မှုများ ရှိသင့်ကြောင်း ACRO အဖွဲ့မှ ထောက်ပြပြောဆိုထားသည်။

ရခိုင်ပြည်အတွင်း ကျေးလက်နေပြည်သူ ၇၅ ရာခိုင်နှုန်းမှာ လယ်ယာလုပ်ငန်းနှင့် တောင်ယာလုပ်ငန်းကို အဓိက လုပ်ကိုင်ကြပြီး ၎င်းတို့မှာ မိသားစုစားဝတ်နေရေးအတွက် အန္တရာယ်ဇုန်နှင့် နေ့စဉ်ထိတွေ့နေကြရသည်။

မိုင်းနှင့်စစ်ကျန်လက်နက် ပေါက်ကွဲမှုတို့ကြောင့် သေဆုံး၊ ဒဏ်ရာရရှိသူများမှာ မိသားစုဘဝရပ်တည်ရေး အခက်အခဲများစွာနှင့် ရင်ဆိုင်နေကြရပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ထိရောက်စွာ လုပ်ဆောင်ပေးသင့်ကြောင်း  လူမှုကူညီရေးအဖွဲ့အစည်းများက ထောက်ပြပြောဆိုထားကြသည်။

ဒေသတွင်း လူမှုကူညီရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ဆရာတော် သဘာဝနဒီက “ဒီတိုက်ပွဲတွေကြောင့် ဖြစ်သွားကြတဲ့ မသန်စွမ်းတွေကိုလည်း မူလမွေးရာပါ မသန်စွမ်းတွေထက် ပိုပြီးပြုစုစောင့်ရှောက်ပြီး ထောက်ပံကြေးတွေကို နှစ်ဆပိုပြီးပေးသင့်တယ်။ အိမ်ထောင်ဦးစီး သေဆုံးသွားပြီး ကျန်ခဲ့တဲ့ မိသားစုတွေကိုလည်း ဘဝပြန်လည်ရပ်တည်နိုင်အောင် လုပ်ငန်းလေးတွေကို ဖော်ဆောင်သင့်တယ်။ ပုံမှန်အခြေခံလစာရဖို့ ဒေသတွေနဲ့ ကိုက်ညီမယ့်လုပ်ငန်းတွေ ကူညီပေးသင့်တယ်” ဟု ပြောသည်။

DMG ၏ မှတ်တမ်းနှင့်သုတေသနဌာနမှ ထုတ်ပြန်သည့် အစီရင်ခံစာအရ ရခိုင်ပြည်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် မြေမြုပ်မိုင်းနှင့် စစ်လက်နက်ပစ္စည်းများကြောင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် တစ်နှစ်တာအတွင်း သေဆုံးသူ ၆၄ ဦးနှင့် ဒဏ်ရာရရှိသူ ၁၆၂ ဦးအထိရှိခဲ့ကြောင်း သိရသည်။

#I008

ဗီဒီယိုများ