ရခိုင်ပြည်တောင်ပိုင်းတွင် နှစ်ပတ်အတွင်း AA နှင့်ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံရသူ ၁၃ ဦးရှိဟုဆို

ရခိုင်ပြည်တောင်ဘက်ပိုင်းရှိ ကျောက်ဖြူ၊ မာန်အောင်၊ တောင်ကုတ်၊ အမ်း စသည့်မြို့နယ်များတွင် နှစ်ပတ်အတွင်း ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုစွပ်စွဲကာ မြန်မာစစ်တပ်ကဖမ်းဆီးထားသူ ၁၃ ဦးရှိကြောင်း ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကပြောသည်။

21 Sep 2022

စက်တင်ဘာလ ၁၆ ရက်နေ့က တောင်ကုတ်မြို့တွင် မြန်မာစစ်တပ်၏ ထောက်ပို့ရေယာဉ်တစ်စီးကို ရက္ခိုင့်တပ်တော်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်။

DMG ၊ စက်တင်ဘာ ၂၁

ရခိုင်ပြည်တောင်ဘက်ပိုင်းရှိ ကျောက်ဖြူ၊ မာန်အောင်၊ တောင်ကုတ်၊ အမ်း စသည့်မြို့နယ်များတွင် နှစ်ပတ်အတွင်း ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုစွပ်စွဲကာ မြန်မာစစ်တပ်ကဖမ်းဆီးထားသူ ၁၃ ဦးရှိကြောင်း ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကပြောသည်။

ရက္ခိုင်ပြည်သူ့အစိုးရသည် လူထုထောက်ခံမှုအပြည့်အဝဖြင့် တစ်ပြည်လုံးနီးပါး ဖြန့်ကြပ်ထားနိုင်သော်လည်း တစ်ချို့သော အာဏာသက်ရောက်မှုနည်းပါးသည့် နယ်မြေတချို့မှာ မြန်မာစစ်တပ်ဖက်က ဝင်ရောက်နှောင့်ယှက်ခြင်းများရှိသည်။ ထို့ပြင်  ULA/AA တပ်ဖွဲ့ဝင်များဟု သံသယရှိသူများ၏ နေအိမ်များကို ဝင်ရောက်စစ်ဆေးမှုများ၊ ဖမ်းဆီးမှုများရှိနေသည်ဟု ၎င်းကဆက်လက်ပြောသည်။

“အထူးသဖြင့် ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်၊ မာန်အောင်၊ ရမ်းဗြဲ၊ အမ်းစတဲ့ မြို့နယ်တွေမှာဆိုရင် မိမိတို့ ULA/AA အုပ်ချုပ်ရေးဆိုင်ရာ လူကြီးတွေအပါအဝင် ULA/AA နဲ့ ဆက်စပ်တဲ့လူတွေကို လိုက်ဖမ်းနေသလို အရပ်သားပြည်သူတွေကို ULA/AA ဆိုပြီးစွပ်စွဲကာ မတရားဖမ်းဆီးနှိပ်စက်မှုတွေကို ဆက်လက် လုပ်ဆောင်နေပါတယ်။ ဒီနှစ်ပတ်အတွင်း ULA/AA ဆိုပြီး မတရားဖမ်းဆီးခံထားရတဲ့ အပြစ်မဲ့အရပ်သားပြည်သူပေါင်း အနည်းဆုံး ၁၃ ယောက်ရှိနေပြီ”ဟု ဦးခိုင်သုခက စက်တင်ဘာလ ၁၉ ရက်နေ့က ပြောသည်။

ရက္ခိုင့်တပ်တော်သည် စစ်အာဏာသိမ်းပြီးနောက်တွင် ရခိုင်ပြည်တောင်ပိုင်း မြို့နယ်များတွင်လည်း အုပ်ချုပ်ရေး၊ တရားစီရင်ရေးကိစ္စရပ်များကိုပြုလုပ်လာသည်။ ထို့ကြောင့် မြန်မာစစ်တပ်ဘက်ကလည်း တစ်ရွာဝင်တစ်ရွာထွက်ကာ AA ၏ အုပ်ချုပ်ရေးယန္တရားတွင် ပါဝင်ပတ်သက်မှုမပြုလုပ်ရန်၊ ရန်ပုံငွေမထည့်ဝင်ရန် သတိပေးမှုများအထိ ရှိလာနေသည်။

အလားတူ မြန်မာစစ်တပ်သည် ရက္ခိုင်ပြည်သူ့အစိုးရ၏ တရားရေးဌာနများကို ဝင်ရောက်ရှာဖွေခြင်း၊ တရားရေးဝန်ထမ်းများကို ရှာဖွေဖမ်းဆီးခြင်းများလည်း ပြုလုပ်လျက်ရှိသည်။ ထို့ကြောင့် တစ်ချို့မြို့နယ်များမှာ တရားရေးလုပ်ငန်းများကို ရက်အနည်းငယ် ပိတ်ထားလိုက်ရမှုများလည်းရှိကြောင်း ဦးခိုင်သုခကပြောသည်။

“ကိုယ့်သဘောနဲ့ကိုယ် ယုံကြည်ပြီးတော့ ကျနော်တို့ ULA တရားရေးဌာနမှာ လာရောက်အမှုဖွင့်တိုင်တန်းနေတဲ့ ပြည်သူတွေကို ခြိမ်းခြောက်တာတွေ ဆက်တိုက်ပြုလုပ်နေတဲ့အတွက် တချို့မြို့နယ်တွေမှာဆိုရင် တရားရေးလုပ်ငန်းတွေကို ရက်အနည်းငယ် ပိတ်ထားလိုက်ရတာတွေရှိပါတယ်။ အဲဒါကြောင့် တစ်ချို့အမှုတွေကတော့ အချိန်ကြန့်ကြာမှုတွေရှိနေပါသေးတယ်။ ဒါပေမယ့် ကျနော်တို့တရားရေးဌာနကတော့ အမှုတွေကို နေရာဒေသပေါ်မှာမူတည်ပြီး အချိန်နဲ့တစ်ပြေးညီ စုံစမ်းအရေးယူဆောင်ရွက်ပေးလျက်ရှိပါတယ်”ဟု ဦးခိုင်သုခက ဆက်ပြောသည်။

လတ်တလောတွင် ရခိုင်ပြည်တောင်ပိုင်းတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားမှုမရှိသော်လည်း စစ်ရေးတင်းမာနေသည့်အခြေအနေတွင် ရှိနေသည်။ စက်တင်ဘာလ ၁၆ ရက်နေ့က တောင်ကုတ်မြို့တွင် မြန်မာစစ်တပ်၏ ထောက်ပို့ရေယာဉ်တစ်စီးကို ရက္ခိုင့်တပ်တော်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုများရှိခဲ့ပြီးနောက် မိနစ်အနည်းငယ်ကြာ နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သည်။

ထို့နောက် စက်တင်ဘာလ ၁၇ ရက်နှင့် ၁၈ ရက်နေ့တို့တွင် တောင်ကုတ်မြို့မှ အရပ်သား(၄)ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည်။ ယင်းအပြင် တောင်ကုတ်ဒေသခံများအနေဖြင့် စက်တင်ဘာလ ၂၁ ရက်နေ့မှစတင်ကာ ဧည့်စာရင်းတိုင်ရမည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက စက်တင်ဘာလ ၁၈ ရက်နေ့တွင် ကြေညာထားသည်။

"အရင်တုန်းက အခုလို ဧည့်စာရင်းစစ်တာတော့ မရှိခဲ့ဖူးဘူး။ အခုသူတို့က ၂၁ ရက်မှာ စစ်မယ်လို့သာကြေညာတာ၊ အရင်တည်းကစစ်ပြီး ဖမ်းနေတာကရှိနေပြီပေါ့။ ဟိုနေ့က ကျနော်တို့ ရပ်ကွက်က ဖမ်းခံရသူတွေဆိုလည်း ဧည့်စာရင်းကိုအကြောင်းပြပြီး ဖမ်းတာလို့သိရတယ်"ဟု ဒေသခံတစ်ဦးကပြောသည်။

လက်ရှိတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် မောင်တော၊ ရသေ့တောင်၊ မြောက်ဦး၊ ပလက်ဝ စသည့်မြို့နယ်များတွင် တိုက်ပွဲဖြစ်ပွားမှုရှိနေပြီး မောင်တောဒေသရှိ မြန်မာစစ်တပ်စခန်းအချို့လည်း ကျဆုံးမှုရှိနေကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မြန်မာစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့ကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။

ဗီဒီယိုများ