ရခိုင်တွင် တစ်ပတ်အတွင်း ကိုဗစ်ပိုးတွေ့ရှိလူနာ ၁၃ ဦးအထိ ရှိလာ

ရခိုင်ပြည်တွင် ယခုစက်တင်ဘာလ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အတွင်း ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၃ ဦးအထိရှိလာနေကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

27 Sep 2022

DMG ၊ စက်တင်ဘာ ၂၇

ရခိုင်ပြည်တွင် ယခုစက်တင်ဘာလ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အတွင်း ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၃ ဦးအထိရှိလာနေကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါဓာတ်ခွဲအတည်ပြုလူနာ ၁၃ ဦးတို့မှာ ရသေ့တောင်တွင် ၁ ဦး၊ မြောက်ဦးတွင် ၁ ဦး၊ သံတွဲတွင် ၁ ဦး၊ ကျောက်တော်တွင် ၅ ဦး၊ တောင်ကုတ်တွင် ၁ ဦး၊ ဘူးသီးတောင်တွင် ၂ ဦးနှင့် စစ်တွေတွင် ၂ ဦးတို့ဖြစ်ပြီး ကျောက်တော်မြို့တွင် ကိုဗစ်ပိုးတွေ့ရှိမှု အများဆုံးဖြစ်ကြောင်း သိရသည်။

“ကိုဗစ်ပိုးတွေက ရှိနေသေးပါတယ်။ မပေါ့ဆကြပါနဲ့။ ပြည်သူလူထုဆိုတာက ရောဂါပိုးပြင်းထန်မှု၊ သေဆုံးတာတွေများလာမှသာ ဂရုစိုက်ကြတာ။ တကယ်က ကာကွယ်ရမယ်။ ကြိုတင်ကာကွယ်မှုတွေ အများကြီးအားနည်းနေတယ်”ဟု Rakhine Covid Watch အဖွဲ့ တာဝန်ခံ ကိုထွန်းလှိုင်ကဆိုသည်။

မြန်မာနိုင်ငံ နေရာအနှံအပြားတွင် ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိသူ များပြားလာသောကြောင့် ရောဂါကူးစက်မှု၊ ရောဂါပြင်းထန်မှုနှင့် သေဆုံးမှုများအား လျှော့ချပေးနိုင်သည့် ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေးကို ပြည်သူများအနေဖြင့် အကြိမ်ရေပြည့်အောင် ထိုးနှံထားကြရန်လိုအပ်ကြောင်း ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်များတွင် တိုက်တွန်းထားသည်။

“အစိုးရကော၊ ပရဟိတအဖွဲ့တွေကရော အရင်လို ကိုဗစ်ရောဂါကာကွယ်ရေး နည်းလမ်းတွေကို ပြန်ပြီးနှိုးဆော်ပြောပြဖို့ လိုအပ်နေပြီ။ ပြည်သူတွေအနေနဲ့ကလည်း မပေါ့ဆသင့်တော့ပါဘူး။ ကိုဗစ်စည်းကမ်းတွေကို ပြန်လည်လိုက်နာသင့်နေပါပြီ”ဟု ကိုထွန်းလှိုင်က ဆက်ပြောသည်။

လက်ရှိအချိန်တွင် ကိုဗစ်ပိုးတွေ့ရှိမှုနှုန်းမှာ တစ်နေ့ထက်တစ်နေ့ မြင့်မားလာနေပြီး စက်တင်ဘာလ ၂၆ ရက်နေ့ထိ တစ်နိုင်ငံလုံးတွင် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း ၂၇၈ ဦး တိုးလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါအတည်ပြုသူ စုစုပေါင်း ၆၂၁,၆၈၆ ဦးနှင့် သေဆုံးသူစုစုပေါင်း ၁၉,၄၅၅ ဦးရှိခဲ့သည်။

ဗီဒီယိုများ