ရခိုင်တွင် COVID-19 မျိုးရိုးဗီဇပြောင်း ရောဂါပိုးကူးစက်ခံထားရသူ ၃ ဦးတွေ့ရှိခဲ့

ရခိုင်ပြည်နယ်တွင် ယခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း COVID-19 မျိုးရိုးဗီဇပြောင်း ရောဂါပိုးကူးစက်ခံရသူ ၃ ဦးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

21 Sep 2022

ရခိုင်တွင် ကိုဗစ်ကာလအတွင်းက ခရီးသွားလာသူများကို အပူချိန်တိုင်းတာစစ်ဆေးနေစဉ်။

DMG ၊ စက်တင်ဘာ ၂၁

ရခိုင်ပြည်နယ်တွင် ယခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း COVID-19 မျိုးရိုးဗီဇပြောင်း ရောဂါပိုးကူးစက်ခံရသူ ၃ ဦးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ရခိုင်တွင် ပြီးခဲ့သည့်ဩဂုတ်လအထိ ကိုဗစ်ရောဂါပိုး မတွေ့ရှိခဲ့သော်လည်း ယခုစက်တင်ဘာလအစောပိုင်းမှစတင်ကာ ကိုဗစ်ရောဂါပိုးကူးစက်ခံထားရသည့် လူနာအချို့ကို တွေ့ရှိလာခြင်းဖြစ်သည်။

COVID-19 မျိုးရိုး‌ဗီဇပြောင်း ရောဂါပိုးတွေ့ရှိသူများမှာ စက်တင်ဘာလ ၁၀ ရက်နေ့တွင် ကျောက်တော်မြို့မှ တစ်ဦး၊ စစ်တွေမြို့မှတစ်ဦးနှင့် စက်တင်ဘာလ ၁၇ ရက်နေ့တွင် ကျောက်ဖြူမြို့မှတစ်ဦးတို့ဖြစ်ကြောင်း မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရသိရသည်။

“လောလောဆယ်မှာ ကိုဗစ်ပိုးတွေ့လူနာတွေ ထပ်မရှိတော့ဘူး။ အရင်နေ့တွေက တွေ့ခဲ့တဲ့လူနာတွေကလည်း ပြန်လည်ကောင်းမွန်နေပါပြီ"ဟု ပြည်နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာကြည်လွင်က DMG သို့ပြောသည်။

လက်ရှိတွင် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများကို ကာကွယ်ဆေးနှစ်ကြိမ်ပြည့်အောင် ထိုးနှံပေးနေကြောင်းလည်း ကျန်းမာရေးဌာနမှ သိရသည်။

ကိုဗစ်ရောဂါကူးစက်ခံရသည်ဟု သံသယရှိပါက အခမဲ့လာရောက်စစ်ဆေးခံနိုင်သည်ဟုလည်း ဒေါက်တာ ကြည်လွင်ကဆိုသည်။

“တကယ်လို့ ကိုယ်က ကိုဗစ်ပိုးရှိတယ်လို့ သံသယရှိတယ်ဆိုရင် ကျနော်တို့ ဆေးရုံ၊ ဆေးခန်းတွေမှာ လာရောက်စစ်ဆေးနိုင်ပါတယ်။ ကျနော်တို့ အခမဲ့စစ်ဆေးပေးပါတယ်”ဟု ၎င်းကပြောသည်။

ရခိုင်ပြည်အတွင်း COVID-19 မျိုးရိုးဗီဇပြောင်းရောဂါပိုး ကူးစက်သူများရှိလာနေသောကြောင့် ကာကွယ်ဆေး မထိုးရသေးသူများအနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနများတွင် ကာကွယ်ဆေးသွားရောက်ထိုးနှံကြရန် ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့အထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း ၆၁၉,၅၆၆ ဦးနှင့် သေဆုံးသူစုစုပေါင်း ၁၉,၄၅၀ ဦးရှိကြောင်း ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဗီဒီယိုများ