အာရက္ခတပ်တော်ကို တိုက်ခိုက်ရန် မွတ်ဆလင်လက်နက်ကိုင်များ ဘင်္ဂလားဒေ့ရှ်တွင် လူစုနေ‌

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းများတွင် ဗိုလ်ကျစိုးမိုးနေသည့် မွတ်ဆလင်လက်နက်ကိုင် အဖွဲ့အစည်းများသည် ယခုအခါ အချင်းချင်းပူးပေါင်းထားကြပြီး ထိုပူးပေါင်းမှုကို ဘင်္ဂလားဒေ့ရှ် အေဂျင်စီများကလည်း ထောက်ခံကြကြောင်း ICG အစီရင်ခံစာက ဖော်ပြသည်။

By Admin 19 Jun 2025

ဘင်္ဂလားဒေ့ရှ်-ရခိုင်နယ်စပ်အတွင်း လှုပ်ရှားနေသည့် ARSA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - ARSA
ဘင်္ဂလားဒေ့ရှ်-ရခိုင်နယ်စပ်အတွင်း လှုပ်ရှားနေသည့် ARSA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - ARSA

DMG ၊ ဇွန် ၁၉

'ရိုဟင်ဂျာ' ဟု အစီရင်ခံစာတွင် သုံးနှုန်းထားသော မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ အများအပြားသည် အာရက္ခတပ်တော် (AA)ကို တိုက်ခိုက်ရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားရှိ ဒုက္ခသည်စခန်းများတွင် လူသစ်စုဆောင်းနေကြောင်း နိုင်ငံတကာအကျပ်အတည်းများလေ့လာရေးအဖွဲ့ (ICG)က အစီရင်ခံစာ ထုတ်ပြန်ထားသည်။ 

ဇွန် ၁၈ ရက်ကထုတ်ပြန်ခဲ့သော အဆိုပါအစီရင်ခံစာတွင် လက်ရှိအခြေအနေမှာ AA ကို ဆန့်ကျင်တိုက်ခိုက်မှုသည် မအောင်မြင်နိုင်သည့်အပြင် မြန်မာပြည်တွင်းရှိ အသိုင်းအဝိုင်းများအကြား ဆက်ဆံရေးကိုလည်း အကြီးအကျယ် ထိခိုက်စေနိုင်ကြောင်း ထောက်ပြထားသည်။

"ရိုဟင်ဂျာ(မွတ်ဆလင်) ဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် ဘင်္ဂလားဒေ့ရှ်က အလားအလာတွေ ဖန်တီးချင်ရင် AA နဲ့ လက်တွဲလုပ်ဆောင်ဖို့ လိုပါတယ်။ ဒါကြောင့် ရိုဟင်ဂျာ(မွတ်ဆလင်) လက်နက်ကိုင်အဖွဲ့တွေဟာ အနာဂတ်တစ်ချိန်မှာ ပြန်လည်လက်ခံရေးအတွက် အဓိက အတားအဆီးဖြစ်နေပါတယ်။ ဘင်္ဂလားဒေ့ရှ်အနေနဲ့ ဒုက္ခသည်စခန်းက လူသစ်စုဆောင်းပြီး ရခိုင်မြောက်ပိုင်းမှာ AA ကို တိုက်ခိုက်နေတာကို တားဆီးတာအပါအဝင် သူတို့ရဲ့ လှုပ်ရှားမှုတွေကိုကန့်သတ်ဖို့ ပိုမိုပြင်းထန်တဲ့ခြေလှမ်းတွေကိုလုပ်ဆောင်သင့်ပါတယ်" ဟု ICG ၏ ဘင်္ဂလားဒေ့ရှ်-မြန်မာအရေး စောင့်ကြည့်သူ မစ္စတာ သောမက်စ်ကိန်းက DMG ကိုပြောသည်။

ထိုသို့မလုပ်နိုင်ပါက ရခိုင်ပြည်အတွင်းမှ မွတ်ဆလင်များသည်လည်း ပဋိပက္ခကြားမှ မြေစာပင်ဖြစ်သွားနိုင်သည်ဟု ICG အစီရင်ခံစာကဆိုသည်။

ဒုက္ခသည်စခန်းများတွင် ဗိုလ်ကျစိုးမိုးနေသည့် မွတ်ဆလင်လက်နက်ကိုင် အဖွဲ့အစည်းများသည် ယခုအခါ အချင်းချင်းပူးပေါင်းထားကြပြီး ထိုပူးပေါင်းမှုကို ဘင်္ဂလားဒေ့ရှ် အေဂျင်စီများကလည်း ထောက်ခံကြကြောင်း ICG အစီရင်ခံစာက ဖော်ပြသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တကြောသည် AA လက်တွင်းသို့ အားလုံးကျရောက်နေပြီး ဘင်္ဂလားဒေ့ရှ် အစိုးရသည်လည်း အာရက္ခတပ်တော်နှင့် ထိတွေ့ဆက်ဆံရန် ကြိုးပမ်းလျက်ရှိသည်။ သို့သော် မွတ်ဆလင် လက်နက်ကိုင်အဖွဲ့များ နောက်ကွယ်တွင် ဘင်္ဂလားဒေ့ရှ်အစိုးရ အေဂျင်စီများရှိနေခြင်းက ဘင်္ဂလားဒေ့ရှ်နှင့် AA အကြား ဆက်ဆံမှုအတွက် အဟန့်အတားဖြစ်စေနိုင်ကြောင်း ICG ကဆိုသည်။

လက်ရှိမွတ်ဆလင်ဒုက္ခသည်စခန်းများတွင် ဘာသာရေးခေါင်းဆောင်များမှ စည်းရုံးလှုံ့ဆော်မှုများပြုလုပ်ပြီး တပ်သားသစ်များစွာ စုဆောင်းနေကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

မွတ်ဆလင်လက်နက်ကိုင် တပ်ဖွဲ့များသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် သဘောတူညီချက်တစ်ခုယူ၍ ရခိုင်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောဒေသကို ပြန်လည်သိမ်းပိုက်မည့် ရည်ရွယ်ချက်ဖြင့် တပ်သားသစ်များ စုဆောင်းခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။

ဘင်္ဂလားဒေ့ရှ်အနေဖြင့် တရားဝင်မဟုတ်သော်လည်း နယ်စပ်ကုန်သွယ်ရေးကို တိုးမြှင့်ခြင်းဖြင့် လူသားချင်းစာနာမှု အကူအညီများကို ရခိုင်ပြည်အတွင်းမှ လူမှုနေထိုင်မှုများ အဆင်ပြေလာနိုင်မည့်အပြင် နယ်စပ်လုံခြုံရေးကို ထိန်းသိမ်းရာရောက်ခြင်းကြောင့် AA နှင့် ပူးပေါင်းအကောင်အထည်ဖော်ရန် တိုက်တွန်းထားသည်။

"ဘင်္ဂလားဒေ့ရှ်က AA နဲ့ ဆက်ဆံရေးအပေါ်မူတည်ပြီး ကုန်သွယ်ရေးက ပိတ်လိုက်ဖွင့်လိုက်ရှိတယ်။ တစ်ခါတလေ AA ကို ဖိအားပေးဖို့ကြိုးပမ်းရင်း ကုန်သွယ်မှုတွေရပ်တန့်ဖို့ ကြိုးစားပါတယ်။ အနည်းနဲ့အများ ရခိုင်ပြည်သူတွေ အခက်အခဲဖြစ်နိုင်ပေမယ့် ဘင်္ဂလားဒေ့ရှ်မျှော်လင့်သလို ဖြစ်မှာမဟုတ်ဘူး။ ရခိုင်ပြည်က မီဇိုရမ်ပြည်နယ်ကလည်း ကုန်စည်စီးဆင်းမှု ရှိနေတာကြောင့်ဖြစ်တယ်" ဟု သောမက်စ်ကိန်းက သုံးသပ်သည်။

ထို့အတူ ဘင်္ဂလားဒေ့ရှ်သည်လည်း AA ကို ဖိအားပေးရန်အတွက် အဆိုပါ လက်နက်ကိုင်အုပ်စုများကို လက်ကိုင်တုတ်အဖြစ် အသုံးချနေခြင်းဖြစ်နိုင်သည်ဟု အစီရင်ခံစာက သုံးသပ်ထားသည်။

အာရက္ခတပ်တော်သည် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသည့်အတွက် လူထုထောက်ခံမှု အများအပြား ရရှိထားရာ AA ကို တိုက်ခိုက်မှုက မွတ်ဆလင်များအပေါ် ပိုမိုအမုန်းပွားစရာဖြစ်စေနိုင်ပြီး ရခိုင်ပြည်အတွင်း ရခိုင်-မွတ်ဆလင်ပဋိပက္ခများ တကျော့ပြန်ဖြစ်ပွားလာနိုင်သည်ဟု ICG က သုံးသပ်သည်။

ထို့အပြင် ဘင်္ဂလားဒေရှ်အစိုးရက မွတ်ဆလင်လက်နက်ကိုင်များကို ထောက်ပံ့နေသည်ဟု AA ကသာ ယူဆသွားပါက AA နှင့် ဘင်္ဂလားဒေ့ရှ်အကြား ဆက်ဆံရေးတွင် အဖုအထစ်များဖြစ်လာနိုင်ပြီး ဒုက္ခသည် နေရပ်ပြန်ရေးအစီအစဉ်များလည်း နောက်ပြန်ဆုတ်သွားမည်ဟု အစီရင်ခံစာတွင် သုံးသပ်ထားသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် ရခိုင်ပြည်သို့ လူသားချင်းစာနာမှုအကူအညီများ ပေးအပ်သင့်သလို အလွတ်သဘော ကုန်သွယ်မှုကိုလည်း ခွင့်ပြုပေးသင့်ကာ ဒုက္ခသည်စခန်းများတွင် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များ ဗိုလ်ကျစိုးမိုးနေသည်ကိုလည်း ထိန်းချုပ်ကန့်သတ်သင့်သည်ဟု အစီရင်ခံစာက ဆိုသည်။

အာရက္ခတပ်တော်အနေဖြင့်လည်း ရခိုင်ပြည်တွင်းရှိ လူ့အသိုင်းအဝိုင်းအားလုံးကို သာတူညီမျှ အုပ်ချုပ်သင့်သလို ပြည်သူများ၏ အကျိုးစီးပွားကို ရှေးရှု၍ တိကျခိုင်မာသည့် အုပ်ချုပ်ရေးယန္တရားများ တည်ဆောက်သင့်သည်ဟု ICG အစီရင်ခံစာက အကြံပြုထားသည်။

လက်ရှိလှုပ်ရှားနေသည့် မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့များမှာ ARSA၊ RSO၊ ARA နှင့် Rohingya Islamic Mahaz အဖွဲ့တို့ ဖြစ်ကြသည်။