ပုဏ္ဏားကျွန်း စက်မှုဇုန် စစ်ဘေးရှောင်များ ထပ်မံစစ်ဘေးရှောင်နေရ

စခန်းအနီး လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများကြောင့် ပုဏ္ဏာကျွန်းမြို့ စက်မှုဇုန် စစ်ဘေးရှောင် စခန်းမှ ဒုက္ခသည်များမှာ စခန်းအတွင်းမနေရဲတော့ဘဲ တခြားနေရာများသို့ ထပ်မံ စစ်ဘေး ရှောင်နေ ရကြောင်း သိရသည်။

By Admin 22 Nov 2022

ပုဏ္ဏားကျွန်း စက်မှုဇုန် စစ်ဘေးရှောင်များ ထပ်မံစစ်ဘေးရှောင်နေရ

သရက်ချိုရွာ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေကြသည့် စက်မှုဇုန် စစ်ဘေးရှောင်စခန်းမှ စစ်ရှောင်များကို ယနေ့ တွေ့ရစဥ်(Photo- CJ )

DMG | နိုဝင်ဘာ ၂၂

စခန်းအနီး လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများကြောင့် ပုဏ္ဏာကျွန်းမြို့ စက်မှုဇုန် စစ်ဘေးရှောင် စခန်းမှ ဒုက္ခသည်များမှာ စခန်းအတွင်းမနေရဲတော့ဘဲ တခြားနေရာများသို့ ထပ်မံ စစ်ဘေး ရှောင်နေ ရကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်နေ့က စစ်ဘေးရှောင်စခန်းအနီး ရေဖြူကန်ကျေးရွာသို့ လက်နက်ကြီး ကျည်ကျရောက်မှုကြောင့် ရွာသား ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သဖြင့် စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသူများမှာ ထပ်မံကျရောက်လာမည်ကို စိုးရိမ်ရသဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးနေရခြင်း ဖြစ်ကြောင်း စစ်ဘေရှောင်စခန်း တာဝန်ရှိသူ ဦးဝင်းမောင်က ပြောသည်။

“ လက်နက်ကြီး နှစ်လုံး ဆက်တိုက်ကျတာ။ စစ်ရှောင်စခန်းနဲ့က ပေသုံးရာလောက်ပဲ ဝေးတဲ့ အခါ ကျတော့ စခန်းက လူတွေလည်း အကုန်စိုးရိမ်ပြီး ဘယ်သူမှ မနေရဲတော့ဘဲ ထွက်ပြေးနေရတာဟာ အခုဆို သုံးရက်ရှိပြီ ” ဟု ဦးဝင်မောင်က ပြောသည်။

အဆိုပါ စခန်းတွင် လူဦးရေ ငါးရာကျော်ရှိပြီး လက်ရှိတွင် ပုဏ္ဏားကျွန်းမြို့ပေါ်နှင့် အခြား သရက်ချို၊ အောင်ဖြူပြင်၊ ကြံခင်း၊ပန်းနီလာ စသည့် ကျေးရွာများသို့ ထွက်ပြေးခိုလှုံနေရခြင်းလည်းဖြစ်သည်။

စစ်ဘေးရှောင်စခန်းမှ ထွက်ပြေးလာသူ ဒေါ်နေနေဝင်းက က “ ကျမတို့ အခု သရက်ချိုရွာ ဘုန်းကြီး ကျောင်းမှာ ရောက်နေတယ်။ လောလောဆယ် အဲဒီရွာက လူတွေ စုပေါင်းပြီးပေးတဲ့ ဆန်၊ ဆီဆားတွေနဲ့ ချက်စားပြီးတော့ ဓမ္မာရုံ သမံတလင်းမှာ ဖျာခင်းပြီး ဖြစ်သလို နေကြရတယ် ” ဟု ဒေါ်နေနေဝင်း က ပြောသည်။

ပုဏ္ဏားကျွန်း စက်မှုဇုန်စစ်ဘေးရှောင်စခန်းမှ ဒုက္ခသည်များမှာ လွန်ခဲ့သော ၂၀၁၉ ခုနှစ် ဧပြီကစတင်ပြီး ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်၊ သာစည်၊ ပိန္နဲတော၊ ဒိုးတန်း စသည့်ကျေးရွာများအပြင် ပလက်ဝမြို့နယ် နှမဒါ ကျေးရွာတို့မှ ထွက်ပြေးတိမ်းချောင်လာြကသူများဖြစ်ကြသည်။

“ နဂိုကတည်းက စစ်ဘေးရှောင်နေရတာ။ အခုတခါ ထပ်ပြီး စစ်ဘေးရှောင်လာရပြီ ဆိုတော့ ကျမတို့ ဘယ်အချိန်မှာ အိမ်ပြန်မလဲမသိတော့ဘူး။ ကလေးသူငယ်တွေရှိတဲ့သူတွေဆို ပိုပြီးဒုက္ခရောက်ကြရတယ် ” ဟု ဒေါ်နေနေဝင်းက ဆိုသည်။

ရခိုင်နှင့် ပလက်ဝဒေသတွင် မြန်မာစစ်တပ်နှင့် AA တို့သည် နေ့စဉ်တိုက်များပြင်းထန်စွာဖြစ်ပွားနေပြီး နေရပ်စွန့်ခွာထွက်ပြေးနေရသူတို့မှာလည်း နေ့စဉ်တိုးလာနေသည်။

လက်ရှိ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဆင်အင်းကြီး ၊ပဒေသာ၊တန်းခိုး၊ကျော်ဇံရွာ၊ ကျွဲထိုးစသည့် ကျေးရွာများမှ ဒေသခံ ၅၀၀၀ကျော်မှာ ဘေးလွတ်ရာ ကျေးရွာများသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်။

ဗီဒီယိုများ