သံတွဲတွင် တုတ်တုတ် (အိန္ဒိယသုံးဘီး) အသင်းဖွဲ့စည်းရန် ငွေးကြေး ကောက်ခံနေမှုအပေါ် ကာယကံရှင်များ လက်မခံ

ရခိုင်ပြည်၊ သံတွဲမြို့တွင် မြို့နယ်ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီ (မ.စ.က) လက်အောက်တွင် အိန္ဒိယသုံးဘီး (ဒေသအခေါ်) တုတ်တုတ် အသင်းဖွဲ့စည်းရန်ဟုဆိုကာ တုတ်တုတ်သမားများထံမှ တစ်စီးကို ငွေကျပ် ၂ သောင်းစီ ကောက်ခံမှုများရှိနေကြောင်း သိရသည်။

By Admin 29 Dec 2022

သံတွဲတွင် တုတ်တုတ် (အိန္ဒိယသုံးဘီး) အသင်းဖွဲ့စည်းရန် ငွေးကြေး ကောက်ခံနေမှုအပေါ် ကာယကံရှင်များ လက်မခံ

သံတွဲမြို့အတွင်းမှ တုတ်တုတ်များအား တွေ့ရစဉ်။ ပုံ- ပေးပို့

DMG | ဒီဇင်ဘာ ၂၉

ရခိုင်ပြည်၊ သံတွဲမြို့တွင် မြို့နယ်ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီ (မ.စ.က) လက်အောက်တွင် အိန္ဒိယသုံးဘီး (ဒေသအခေါ်) တုတ်တုတ် အသင်းဖွဲ့စည်းရန်ဟုဆိုကာ တုတ်တုတ်သမားများထံမှ တစ်စီးကို ငွေကျပ် ၂ သောင်းစီ ကောက်ခံမှုများရှိနေကြောင်း သိရသည်။

အဆိုပါကော်မတီမှာ မည်သည့် အာမခံချက်နှင့် အကျိုးခံစားခွင့်ရှိမည်ကို ပွင့်လင်းမြင်သာစွာ ချပြထားခြင်းမရှိသည့်အတွက် အသင်းဝင်မည်မဟုတ်ကြောင်း သံတွဲမြို့မှ တုတ်တုတ်မောင်းသူများက ပြောဆိုကြသည်။

သံတွဲမြို့မှ တုတ်တုတ်သမား တစ်ဦးက “ ကျနော်တို့ကတော့ ပေးဖို့အစီအစဉ် မရှိသေးပါဘူး။ သူတို့က ကျနော်တို့အတွက် ဘာတစ်ခုမှ လုပ်ပေးမှာလည်း မဟုတ်ပါဘူး။ လုပ်ပေးဖို့လည်း ဘာမှမပြောဘူး။ ပိုက်ဆံ နှစ်သောင်းပေးရမယ်လို့ပဲ ပြောတယ်။ ကျနော်တို့ဟာ ကိုယ်ပိုင် အငှားယာဉ်ပဲ ဖြစ်တယ်။ ကိုယ်ပိုင် ဂိတ် သတ်မှတ်ပေးထားတာလည်း မရှိဘူး။ လိုင်းဆွဲနေတာလည်း မဟုတ်ပါဘူး ” ဟု ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ရက်နေ့ က သံတွဲခရိုင် ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် မော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီ (မ.စ.က)၏ လက်အောက်၌သာ ရှိသင့်သည်ဟု ဆိုကာ ထိုအသင်းမှ အတွင်းရေးမှူး ဦးခင်မောင်ထွေးလက်မှတ်ဖြင့် အသိပေးစာ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း တုတ်တုတ်သမားများထံမှ သိရသည်။

အဆိုပါ စာတွင် သံတွဲမြို့အတွင်း တုတ်တုတ်ဆိုင်ကယ် မောင်းသူများအနေဖြင့် ငွေကျပ် ၂ သောင်းကို မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲရေးကော်မတီ (မ.စ.က)၏ ငွေစာရင်းဌာနသို့ ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား ငွေပေးသွင်းကြရန် ပါရှိသည်။

ထို့အပြင် အသင်းဖွဲ့စည်းမည့် ကိစ္စနှင့် ပတ်သက်ပြီး တုတ်တုတ်သမားများနှင့် ကြိုတင် ဆွေးနွေးမှုမျိုး မရှိခဲ့သဖြင့် သဘောမတူရခြင်းဖြစ်ကြောင်း နောက်ထပ် တုတ်တုတ်မောင်းသူ တစ်ဉီးကပြောသည်။

“ ကျနော်တို့ကတော့ ဒါကို သဘောမတူဘူးပေါ့။ ဒါဟာ မတရား သဖြင့်တောင်းတယ်လို့ပဲ ထင်ပါတယ်။ ခေါင်းစဉ်တစ်ခုတပ်ပြီးတော့ တောင်းတယ်လို့ပဲ မြင်ပါတယ်။ ဒီကာလမှာ နှစ်သောင်းဆိုတာ ကျနော်တို့ အတွက် တန်ဖိုးရှိပါတယ်။ ကျနော်တို့မှာ လုပ်ငန်းလိုင်စင်၊ စည်ပင်လိုင်စင် အကုန်လုံး လိုင်စင်တွေလည်း ရှိတယ်။ အခုအချိန်ထိတော့ တစ်ယောက်မှ မပေးကြသေးပါဘူး ” ဟု တုတ်တုတ် မောင်းသူတစ်ဦး က ပြောသည်။

သို့သော်လည်း သံတွဲခရိုင် ပို့ဆောင်ရေး စီမံကိန်းဦးစီး ဌာန၊ သံတွဲခရိုင် ဦးစီးမှူး ဦးအောင်ဇော်မိုး ကတော့ မ.စ.က လက်အောက်တွင် ယာဉ်လိုင်းများအားလုံးရှိရမည်ဖြစ်သည့်အတွက် ထိုသို့ ဖွဲ့စည်းရခြင်းဟု ဆိုသည်။

“ ယာဉ်လိုင်းတွေ အားလုံးက မ.စ.က ရဲ့ အောက်မှာ ဘယ်အချိန်မဆို ကြီးကြပ်မှု အောက်မှာ ရှိရမယ်။ ဒါပေမယ့် တုတ်တုတ်တို့ သုံးဘီးတို့က မရှိသေးတဲ့အတွက် အရင်တုန်းက မရှိတာကို အခု ဖွဲ့ပေး မယ်ပေါ့။ ငွေ ၂ သောင်း ကိစ္စဆိုတာက မ.စ.က မှာ နိုင်ငံတော်က ချပေးတဲ့ ဘက်ဂျက်ငွေတွေလည်း မရှိဘူး။ ယာဉ်လိုင်းတွေဆီက ရတဲ့ငွေနဲ့ ရပ်တည်ရတာ။ ဆိုတော့ သူတို့မှာ အသင်းဝင် မှတ်ပုံတင်ဖို့အတွက် ငွေကြေး ပေးရတာဖြစ်ပါတယ်။ တစ်ကြိမ်ပဲ ပေးရမှာ ဖြစ်တယ်။ နောက်ထပ်လည်း ပေးစရာမလိုတော့ပါဘူး ” ဟု ဦးအောင်ဇော်မိုး ကပြောသည်။

ထို့အတူ မ.စ.က လက်အောက်တွင် သံတွဲ မြို့နယ်အတွင်း ပြေးဆွဲနေသည့် ယာဉ်လိုင်း ၈ လိုင်းရှိပြီး သုံးဘီးနှင့် တုတ်တုတ်အသင်းဝင် မရှိသေးသည့်အတွက် အသင်းဖွဲ့စည်းပေးရခြင်း ဖြစ်ကြောင်းလည်း ဉီးအောင်ဇော်မိုးက ဆက်ပြောသည်။

သံတွဲမြို့အတွင်းမှာ ခရီးသည်သယ်ယူပို့ဆောင်ပေးနေသည့် တုတ်တုတ် အစီးရေ ၃၅၀ ကျော်ရှိကြောင်း သိရသည်။

ဗီဒီယိုများ