ရထားလမ်းကြောင့် ပျက်စီးသွားသည့် လယ်မြေများအတွက် နစ်နာကြေးရဖို့ တောင်သူများလိုလားနေ

၂၀၀၉ ခုနှစ်က စတင်ဖောက်လုပ်ခဲ့သည့် စစ်တွေ-အမ်း-မင်းဘူး ရထားလမ်း၏ ကျောက်တော်-မြောက်ဦးလမ်းပိုင်းရှိ လယ်ယာမြေများမှာ ရေမြောင်းများဖြစ်ပေါ်နေ၍ လုပ်ကိုင်စားသောက်ရန် အဆင်မပြေသဖြင့် နစ်နာကြေးရရှိဖို့ တောင်းဆိုနေကြခြင်းဖြစ်သည်။

By Admin 04 Mar 2023

မြောက်ဦးမြို့နယ် အိုးထိမ်းကျေးရွာအနီးက ရထားလမ်းအား ယခုနှစ် ဖေဖော်ဝါရီလက တွေ့ရစဉ်။
မြောက်ဦးမြို့နယ် အိုးထိမ်းကျေးရွာအနီးက ရထားလမ်းအား ယခုနှစ် ဖေဖော်ဝါရီလက တွေ့ရစဉ်။

DMG ၊ မတ် ၄

စစ်တွေ-အမ်း-မင်းဘူး ရထားလမ်းဖောက်လုပ်ခဲ့ရာတွင် ပျက်စီးသွားသည့် လယ်ယာမြေများအတွက် နစ်နာကြေးရရှိဖို့ မြောက်ဦးဒေသခံ တောင်သူများက လိုလားနေကြသည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်က စတင်ဖောက်လုပ်ခဲ့သည့် စစ်တွေ-အမ်း-မင်းဘူး ရထားလမ်း၏ ကျောက်တော်-မြောက်ဦးလမ်းပိုင်းရှိ လယ်ယာမြေများမှာ ရေမြောင်းများဖြစ်ပေါ်နေ၍ လုပ်ကိုင်စားသောက်ရန် အဆင်မပြေသဖြင့် နစ်နာကြေးရရှိဖို့ တောင်းဆိုနေကြခြင်းဖြစ်သည်။

မြောက်ဦးမြို့နယ် ဝေသာလီကျေးရွာမှ ဦးမောင်ကြီးဖြူ ပိုင်ဆိုင်သည့် လယ် ၃ ဧကကျော်ကို လုပ်ကိုင်စားသောက်ရန် အဆင်မပြေဖြစ်နေသည်မှာ ၁၃ နှစ်ခန့်အထိ ကြာမြင့်နေပြီဖြစ်သည်။ 

“အဲဒီအချိန်တုန်းက ဈေးနဲ့ဆိုရင် သိန်း ၁၀၀ လောက်နစ်နာသွားတယ်။ နစ်နာကြေးကတော့ လိုချင်ပါတယ်။ အခုက နစ်နာကြေးလည်းမရသလို နှစ်ပေါင်း ၁၀ ကျော်လောက်လည်း လုပ်ကိုင်စားသောက်ခွင့်လည်းမရဘူး။ ကျနော်တို့မှာ ဘိုးဘွားလက်ထက်ကတည်းက လုပ်ကိုင်စားသောက်လာတာကို အများကြီး ဆုံးရှုံးသွားခဲ့ရတော့ ကျန်တဲ့ လယ်ယာမြေကိုပဲ လုပ်ကိုင်စားသောက်နေပါတယ်” ဟု တောင်သူ ဦးမောင်ကြီးဖြူက DMG ကို ပြောသည်။

ရထားလမ်းဖောက်လုပ်မှုကြောင့် ဝေသာလီကျေးရွာ၏ အနောက်ဘက်တွင် ကျေးရွာသား ၁၄ ဦး ပိုင်ဆိုင်သည့် ခန့်မှန်းခြေ လယ်ဧက ၂၀ ကျော် ပျက်စီးသွားခဲ့ရသည်။ လမ်းဖောက်လုပ်ခဲ့သောနေရာများတွင် ဒီရေဝင်ရောက်သဖြင့် ချောင်းသဖွယ်ဖြစ်နေပြီး သုံးရာသီရေမခမ်းသည့် နေရာများလည်း ရှိနေသည်ဟု ကျေးရွာသားများက ဆိုကြသည်။ 

ဝေသာလီကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက “အခု တပိုင်တနိုင် လယ်ယာမြေ ပြန်လုပ်မယ်ဆိုတော့လည်း အဲဒီမြောင်းတွေကိုမြေညှိဖို့အတွက် စက်ယန္တရားစရိတ်တွေ ကြီးမြင့်မှုကတော့ လယ်မြေအသစ်ဝယ်လိုက်တာလိုပဲ ဈေးပေါက်သွားမှာ။ ဒါကြောင့် လယ်သမားတွေ မတတ်နိုင်တော့ဘူး” ဟု ဦးသိန်းထွန်းက ရှင်းပြသည်။

ဆုံးရှုံးသွားသည့် လယ်ယာမြေပိုင်ရှင်များကို ခေတ်အဆက်ဆက်အစိုးရများက တစ်စုံတစ်ရာ နစ်နာကြေး ပေးခြင်းမရှိဘဲ လက်ရှိအချိန်ထိ လျစ်လျူရှုခံထားရသည်ဟု ဝေသာလီကျေးရွာသားများက ပြောဆိုကြသည်။

အလားတူ ရထားလမ်းဖောက်လုပ်ရာတွင် မြောက်ဦးမြို့နယ် အုတ်ဖိုကန်ကျေးရွာမှ တောင်သူ ၁၅ ဦး၏ လယ်ယာမြေ ခန့်မှန်းခြေ ၂၅ ဧကကျော် ပျက်စီးသွားခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။

မြောက်ဦးမြို့နယ် အုတ်ဖိုကန်ကျေးရွာမှ တောင်သူ ဦးခိုင်ထွန်းစိန်က “အခုက မြောင်းကြီးတွေဖြစ်နေတာ။  ပြန်ဆည်ဖို့ကလည်း မလွယ်ဘူး။ မြောင်းအနက်က လူ ၂ ရပ်စာလောက် ရှိတယ်။ ဒါကြောင့် လုံးဝလုပ်စားလို့ မရဘူး” ဟု ပြောသည်။

မြောက်ဦးဒေသတွင် ပျက်စီးသွားသည့် လယ်ယာမြေများအတွက် လျှော်ကြေးငွေ အပြည့်အဝရရှိရန် ၂၀၁၇ ကာလများက တောင်သူလယ်သမားအထောက်ကူအဖွဲ့နှင့် အခြား အရပ်ဘက်အဖွဲ့အစည်းများက ကြိုးပမ်းခဲ့ကြသေးသော်လည်း ထူးခြားမှု မရှိခဲ့ဟု သိရသည်။

နစ်နာကြေးရရှိရန် ကူညီဆောင်ရွက်ပေးခဲ့သူ ဦးကျော်ထွီးက  “ကျနော်တို့ ရထားလမ်းစီမံကိန်း မန်နေဂျာ ဦးဝင်းထွဋ် နဲ့ သဘောတူပြီးတော့ လျှော်ကြေးပေးဖို့ ကိစ္စတွေကို ဦးဆောင်ခဲ့တယ်။ အဓိက လယ်ယာထဲက တူးမြှောင်းတွေကို အစိုးရလုပ်ပေးရမယ်။ ဘတ်ဂျက်လည်း ကျခဲ့တယ်။  ဒါပေမယ့် တိုက်ပွဲတွေ ဖြစ်တယ်ဆိုတော့ ရပ်တန့်ခဲ့ရတယ်” ဟု ပြောသည်။

မြောက်ဉီး- ကျောက်တော် ရထားလမ်းပိုင်းတွင် မြောက်ဦး ထမ္မရာဇ်ရပ်ကွက်မှနေ အုတ်ဖိုကန်၊ ပေါက်တောပြင်၊ ဝေသာလီ၊ လက္ကာ၊ အောက်သကန်၊ တိမ်ညို၊ အိုးထိန်း၊  ကျောက်ကျပ် စသည့် ကျေးရွာပေါင်း ၁၇ ရွာက တောင်သူ ၂၂၃ ဦးပိုင်ဆိုင်သည့် လယ်ယာမြေ စုစုပေါင်း ဧက ၄၀၀ ခန့်ပါဝင်သွားခဲ့ကြောင်း သိရသည်။

တောင်သူများနစ်နာကြေးရရှိရေး ကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ ဆွေးနွေးထားမှုများ မရှိသေးကြောင်း DMG ကို ပြောဆိုသည်။

ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရသူ ဦးဦးလှသိန်းက “မြောက်ဦးက လယ်သမားတွေ လယ်ယာမြေနစ်နာကြေး ကိစ္စကလည်း ကျနော့အနေနဲ့ ပြောဖို့ခက်တယ်။ အဲဒီဟာကလည်း အခုမှကောက်ပြီးတော့ လုပ်တာလည်း မဟုတ်ဘူးလေ။ ရထားမသွားနိုင်တဲ့ ကိစ္စတွေမှာ မြေယာလျော်ကြေးတွေ၊ ကန့်ကွက်ချက်တွေလည်း ရှိတယ် ”  ဟု DMG ကို ပြောသည်။

ဦးလှသိန်းအနေဖြင့် အဆိုပါကိစ္စကို ဖြေကြားရန် အခက်အခဲရှိနေသည့်အတွက် ရထားလမ်းနှင့်သက်ဆိုင်သည့် ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သက်လွင် ထံသို့ မေးမြန်းရန် ဆိုသည်။

ထို့ကြောင့် ပြည်နယ်စစ်ကောင်စီ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသက်လွင်ကို DMG က ဆက်သွယ်သောအခါ “နင်တို့နဲ့ ဘာမှပြောစရာ မရှိဘူး” ဟု တုန့်ပြန်ပြီး ဖုန်းချသွားခဲ့သည်။ 

ကျောက်တော်-မြောက်ဦး ရထားလမ်းပိုင်းသည် ကိုးသောင်းပုထိုးတော်ကြီးနှင့် နီးကပ်စွာ လမ်းဖောက်ခဲ့ခြင်းကြောင့်  မြောက်ဦးရှေးဟောင်းအမွေအနှစ်ဇုန် ပျက်စီးမည်ဟုဆိုကာ  ဒေသခံများကန့်ကွက်ခဲ့သဖြင့် ရပ်နားခဲ့ရခြင်းဖြစ်သည်။

စစ်တွေ- အမ်း- မင်းဘူး ရထားလမ်းသည် ၂၅၇ မိုင်ရှည်လျားပြီး ရထားလမ်းတလျောက် ဘူတာပေါင်း ၅၀၊  ပေ ၁၀၀ အထက် တံတား ၂၄ စင်း၊ ၁,၀၀၀ အောက် တံတား ၁,၂၆၁ စင်း၊ တံတားစုစုပေါင်း ၁,၂၈၅ စင်းဖြင့် လျာထားခဲ့ကြောင်း ၂၀၀၉ ခုနှစ် မေလ ၂၃ ရက်ထုတ် ကြေးမုံသတင်းစာတွင် ပါရှိသည်။

ရထားလမ်းစီမံကိန်းတွင် မင်းဘူး - ပဒန်း ၂၈ မိုင်၊ ပဒန်း- အမ်း ၅၄ မိုင်၊ အမ်း- မင်းပြား ၇၆ မိုင်၊ မင်းပြား-မြောက်ဦး ၁၆ မိုင်၊ မြောက်ဦး- ကျောက်တော် ၂၃ မိုင်၊ ကျောက်တော်- ပုဏ္ဏားကျွန်း ၃၄ မိုင် စစ်တွေ- ပုဏ္ဏားကျွန်း လမ်းပိုင်း ၂၆ မိုင်အဖြစ် ပိုင်းခြားကာ ဖောက်လုပ်ခဲ့ခြင်းဖြစ်သည်။ 

#R010 #E002

ဗီဒီယိုများ