- စစ်ကောင်စီလက်နက်ကြီးကြောင့် မနော်သီရိရွာတွင် နေအိမ် ၁၉ ဆောင် မီးလောင်၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရ
- ပလက်ဝတိုက်ပွဲတွင် စစ်ကောင်စီက ဓာတုဓာတ်ငွေ့ဗုံးများဖြင့် တိုက်ခိုက်ကြောင်း AA ပြော
- “AA လုပ်ရပ်မှာ ရခိုင်ပြည်အတွက် ဟုတ်/မဟုတ်” ရခိုင်ပြည်သူများကို စစ်ကောင်စီ စဉ်းစားခိုင်း
- အပစ်ရပ်သဘောတူညီချက်ကို AA က ချိုးဖောက်ခဲ့ဟု စစ်ခေါင်းဆောင် အပြစ်တင်
- ဌာနဆိုင်ရာဝန်ထမ်းများ လုံခြုံရေးအတွက် ရခိုင်ပြည်နယ် စစ်ကောင်စီ အစည်းအဝေးပြုလုပ်
သံတွဲ၊ တောင်ကုတ်တွင် ကြံ့ခိုင်ရေးပါတီက ဦးဆောင်ပြီး ကုလဆုံးဖြတ်ချက်အပေါ် ကန့်ကွက်ဆန္ဒဖော်ထုတ်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ရခိုင်) နှင့် ရခိုင်နေ့စဉ် လူမှုကွန်ရက်စာမျက်နှာတို့တွင် အဆိုပါဆန္ဒထုတ်ဖော်ပွဲ၌ ဒေသခံများကလည်း ပါဝင်ခဲ့ကြောင်း ဖော်ပြထားပြီး ယင်းကိစ္စအပေါ် ဒေသခံများက ငြင်းဆိုထားကြသည်။
04 Jan 2023

တောင်ကုတ်တွင်ပြုလုပ်ခဲ့သည့် ဆန္ဒထုတ်ဖော်ပွဲကို့ တွေ့ရစဉ်။/ ဓာတ်ပုံ - ရခိုင်နေ့စဉ် (Facebook)
DMG ၊ ဇန်နဝါရီ ၄
ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ချမှတ်လိုက်သည့် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အပေါ် လုံးဝကန့်ကွက်ကြောင်း ရခိုင်ပြည်၊ သံတွဲမြို့နှင့် တောင်ကုတ်မြို့တို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီက ဦးဆောင်ပြီး လူတစ်စုဆန္ဒဖော်ထုတ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ထိုသို့ ဆန္ဒဖော်ထုတ်ရာတွင် “ကုလသမဂ္ဂလုံခြုရေးကောင်စီ၏ တစ်ဖက်သတ်ဆုံးဖြတ်ချက်များကို ဆန့်ကျင်ကြ၊ မြန်မာ့အရေးကို မြန်မာနိုင်ငံကသာဖြေရှင်ရေး - ဒို့အရေး၊ အကြမ်းဖက်အားပေး ပြည်ပနိုင်ငံများ - အလိုမရှိ၊ NUG, CRPH, PDF - အလိုမရှိ၊ အပြစ်မဲ့ပြည်သူများအား အကြမ်းဖက်သတ်ဖြတ်နေမှုအား - ချက်ချင်းရပ်၊ ရဟန်းသံဃာနှင့် နိုင်ငံ့ဝန်ထမ်းများအား အကြမ်းဖက်သတ်ဖြတ်နေမှုများ - ချက်ချင်းရပ်” စသည်တို့ကို ကြွေးကြော်ကာ ဗွီနိုင်းပိုစတာများ၊ ဆိုင်းဘုတ်များကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ရခိုင်) နှင့် ရခိုင်နေ့စဉ် လူမှုကွန်ရက်စာမျက်နှာတို့တွင် အဆိုပါဆန္ဒထုတ်ဖော်ပွဲ၌ ဒေသခံများကလည်း ပါဝင်ခဲ့ကြောင်း ဖော်ပြထားပြီး ယင်းကိစ္စအပေါ် ဒေသခံများက ငြင်းဆိုထားကြသည်။
အမည်မဖော်လိုသည့် သံတွဲမြို့ခံတစ်ဦးက “ မြို့ကလူတွေကတော့ မသိလိုက်တဲ့သူတွေများပါတယ်။ ကျနော်ကတော့ ဖြတ်သွားဖြတ်လာမို့လို့ တွေ့မြင်ခဲ့ရတာ။ ထမင်းကျွေးတယ်လို့လည်း ပြောသံကြားတယ်။ ဒီကိစ္စက မြို့ခံဆိုပြီး နာမည်ကိုအသုံးချတာပဲဖြစ်တယ်။ ဒီကလူအများစုက ဘာမှကို မသိလိုက်ရဘူး။ သူတို့ဘာသာသူတို့လုပ်ပြီး မြို့ခံနာမည်ကို တပ်သွားတာ” ဟု ပြောသည်။
အဆိုပါ ဆန္ဒဖော်ထုတ်မှုကို သံတွဲမြို့၊ အမှတ် (၈) ရပ်ကွက်ရှိ ဘောလုံးကွင်းနှင့် တောင်ကုတ်မြို့၊ သိမ်တောင်ရပ်ကွက်ရှိ ဦးဥတ္တမ ကလေးကစားကွင်းတွင် ဇန်နဝါရီလ ၃ ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
“ဒါက ကြံ့ခိုင်ရေးပါတီက လုပ်တာလို့တော့ သိရပါတယ်။ မြို့ခံတွေပါတယ်လို့တော့ မကြားမိပါဘူး။ သူတို့ပါတီဝင်အချင်းချင်းတွေ လုပ်တာလို့ပဲ သိလိုက်ရပါတယ်” ဟု သံတွဲမြို့နယ် ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီအဖွဲ့ဝင် ဦးမောင်မောင်ဖြူက ပြောသည်။
တောင်ကုတ်မြို့၊ သိမ်တောင်ရပ်ကွက်တွင် နေထိုင်သူ ကိုဂျက်မဲကလည်း “ရပ်ကွက်မှာလုပ်တာ (ဆန္ဒဖော်ထုတ်တာ)ကို ကျနော်တို့တောင်မှ မသိလိုက်ရပါဘူး။ ဒါနဲ့ ပတ်သက်ပြီး ဘာအသံမှလည်း မကြားရပါဘူး” ဟု ပြောသည်။
ယခုကဲ့သို့ ဆန္ဒထုတ်ဖော်မှုနှင့် ပတ်သက်ပြီး သံတွဲမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးစန်းနိုင်အား DMG က ဆက်သွယ်ခဲ့ရာ ရန်ကုန်တွင် ရောက်ရှိနေသည့်အတွက် ယင်းကိစ္စနှင့် ပတ်သက်၍ မသိရှိကြောင်းဆိုသည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့က မြန်မာနိုင်ငံအရေး ဆုံးဖြတ်ချက်ထဲတွင် မြန်မာနိုင်ငံအနေဖြင့် အကြမ်းဖက်မှုများကို အမြန်ဆုံးရပ်တန့်ရန်၊ အာဆီယံ၏ သဘောတူညီချက်များကို အကောင်ထည်ဖော်ရန်၊ ပြည်သူများ၏ မဲဆန္ဒများကို လေးစားလိုက်နာရန်နှင့် လူသားချင်းစာနာမှု အကူအညီများကို ခွင့်ပြုပေးရန် စသည့် ဆုံးဖြတ်ချက်များပါဝင်ကြောင်း သိရသည်။
#I008