- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
အာဒါနီဆိပ်ကမ်းစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှုများ နော်ဝေကုမ္ပဏီ ရုပ်သိမ်း
နော်ဝေ ပင်စင်ရံပုံငွေ ကုမ္ပဏီ KLP သည် မြန်မာစစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်နေသည့် အာဒါနီ (Adani) ဆိပ်ကမ်းစီမံကိန်းများနှင့် အထူးစီးပွားရေးဇုန် ကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံမှုများအား ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
24 Jun 2021

DMG ၊ ဇွန် ၂၄
နော်ဝေ ပင်စင်ရံပုံငွေ ကုမ္ပဏီ KLP သည် မြန်မာစစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်နေသည့် အာဒါနီ (Adani) ဆိပ်ကမ်းစီမံကိန်းများနှင့် အထူးစီးပွားရေးဇုန် ကုမ္ပဏီတွင် ရင်းနှီးမြှုပ်နှံမှုများအား ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အာဒါနီကုမ္ပဏီ၏ မြန်မာနိုင်ငံရှိ လုပ်ငန်းများ၊ မြန်မာစစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်မှုများသည် KLP ၏ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု လမ်းညွှန်ချက်များကို ချိုးဖောက်ရာရောက်နေပြီး လက်ခံနိုင်ဖွယ် မရှိကြောင်း KLP ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အာဒါနီကုမ္ပဏီသည် အိန္ဒိယ၏ အကြီးဆုံး ဆိပ်ကမ်းလုပ်ငန်းကြီး ဖြစ်ပြီး ရန်ကုန်တွင် မြန်မာစစ်တပ်ပိုင် ကုမ္ပဏီ၏ မြေကို ငှားရမ်းကာ ကွန်တိန်နာဆိပ်ကမ်း တည်ဆောက်မည့် စီမံကိန်းကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ၏ စစ်ဆေးမှုများနှင့် ရင်ဆိုင်နေရသည်။
မြန်မာစစ်တပ်မှ ပြောခွင့်ရသူအား ရိုက်တာသတင်းဌာနက ဖုန်းဆက်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
အာဒါနီ၏ ဆိပ်ကမ်းကို မြန်မာစစ်တပ်ပိုင် မြေနေရာပေါ်တွင် ဆောက်လုပ်နေခြင်း ဖြစ်သည့်အတွက် မြန်မာစစ်တပ်သည် လက်နက်တင်သွင်းသည့်နေရာ သို့မဟုတ် ရေတပ်စခန်းအဖြစ် အသုံးပြုလာနိုင်သည့် အန္တရာယ် ရှိနေသည့်အတွက် ရင်းနှီးမြှုပ်နှံမှုများကို ရုတ်သိမ်းလိုက်ခြင်းဟု KLP ကဆိုသည်။
KLP သည် နော်ဝေနိုင်ငံ၏ အကြီးဆုံး ပင်စင်ကုမ္ပဏီကြီးဖြစ်ပြီး အာဒါနီကုမ္ပဏီ၌ အမေရိကန်ဒေါ်လာ ၁ သန်းခန့် ရင်းနှီးမြှုပ်နှံထားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံရှိ ကွန်တိန်နာဆိပ်ကမ်းစီမံကိန်းသည် အမေရိကန်ပြည်ထောင်စုက ချမှတ်ထားသည့် ဒဏ်ခတ်အရေးယူမှုများနှင့် ငြိစွန်းကြောင်း တွေ့ရှိရပါက စီမံကိန်းကို ရုတ်သိမ်းပြီး ရင်းနှီးမြှုပ်နှံမှုများကို လျှော့ချနိုင်ခြေရှိကြောင်း အာဒါနီဆိပ်ကမ်းကုမ္ပဏီက ပြီးခဲ့သောမေလတွင် ပြောကြားခဲ့သည်။