- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
မြန်မာအပေါ် ပိုမိုပြင်းထန်သည့် အရေးယူမှုများ ချမှတ်ရန် ချိန်ဆနေဟု နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင် ပြော
သမ္မတဘိုင်ဒန်အစိုးရသည် မြန်မာစစ်အုပ်စုအပေါ် ဖိအားပေးနိုင်ရေးအတွက် ပြင်းထန်သည့် ဒဏ်ခတ်အရေးယူမှုအသစ်များ ချမှတ်ရန် တွက်ဆလျက်ရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
16 Dec 2021

DMG ၊ ဒီဇင်ဘာ ၁၆
သမ္မတဘိုင်ဒန်အစိုးရသည် မြန်မာစစ်အုပ်စုအပေါ် ဖိအားပေးနိုင်ရေးအတွက် ပြင်းထန်သည့် ဒဏ်ခတ်အရေးယူမှုအသစ်များ ချမှတ်ရန် တွက်ဆလျက်ရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မလေးရှားနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် ဝန်ကြီးဘလင်ကင်သည် မလေးရှားနိုင်ငံခြားရေးဝန်ကြီး စိုင်ဖူဒင်အဗ္ဗဒူလာနှင့် ဗုဒ္ဓဟူးနေ့က တွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ အခြေအနေသည် စစ်တပ်အာဏာသိမ်းယူထားသည့် ၁၀ လတာအတွင်း ဆန္ဒပြသူများ အကြမ်းဖက်ခံရခြင်း၊ လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရခြင်းများ နှင့်အတူ ပိုမိုဆိုးရွားလာနေကြောင်း ဘလင်ကင်က ပြောသည်။ မြန်မာနိုင်ငံမှ မွတ်ဆလင်များ ဖိနှိပ်ခံရမှုကိုလည်း “လူမျိုးတုံးသတ်ဖြတ်မှု” အဖြစ် သတ်မှတ်ရန် ဘိုင်ဒန်အစိုးရအဖွဲ့က စောင့်ကြည့်နေကြောင်းလည်း ဘလင်ကင်က ပြောကြားသည်။
“စစ်အုပ်စုဘက်က နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းဆီ ပြန်ရောက်လာအောင် ဆောင်ရွက်ရေးအတွက် တစ်ဦးချင်းနဲ့ အုပ်စုလိုက် ထပ်တိုး အရေးယူမှုတွေဆောင်ရွက်ဖို့ သီတင်းပတ်ပေါင်း လပေါင်းများစွာ ကြိုတင်ကြည့်ရှုထားဖို့ အရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ဘလင်ကင်က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားထိန်းသိမ်းခံထားရသူများ အားလုံကို ပြန်လွှတ်ပေးဖို့ မြန်မာစစ်တပ်အား တောင်းဆိုချက်ကိုပါ ဝန်ကြီးဘလင်ကင်က ထပ်လောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အရပ်သားအစိုးရအား မြန်မာစစ်တပ်က ဖြုတ်ချခဲ့ပြီးနောက်ပိုင်း ဒီဇင်ဘာလာ ၁၄ ရက်နေ့အထိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ချက်ဖြင့် သေဆုံးသူအရပ်သားစုစုပေါင်း ၁၃၃၉ ဦး ရှိနေပြီဖြစ်ကြောင်း အေအေပီပီ၏ ဒီဇင်ဘာ ၁၄ ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာစစ်တပ်ဘက်ကမူ အေအေပီပီ၏ ထုတ်ပြန်ချက်များသည် တစ်ဖက်သတ် အချက်အလက်များသာဖြစ်ပြီး စစ်တပ်ဘက်မှ သေဆုံးသူများသည်လည်း ရာနှင့်ချီ ရှိနေပြီဖြစ်ကြောင်း ပြောကြားသည်ဟု အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။