- ICG သတိပေးပြီးနောက် ရခိုင်နယ်စပ်တွင် ARSA တိုက်ပွဲပြန်ဖော်လာ
- မြန်မာနိုင်ငံသားများကို လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းကို NUG မေတ္တာရပ်ခံ
- အရှေ့တီမောကို အာဆီယံအဖွဲ့ဝင်အဖြစ် လက်ခံမည့်အစီအစဉ် မြန်မာစစ်ကောင်စီ မထောက်ခံ
- မလေးတွင် မြန်မာအများစု နေထိုင်သည့်တိုက်ခန်း ဝင်စီးခံရကာ လူပေါင်း ၄၀ ခန့် ဖမ်းဆီးခံရ
- စစ်ကောင်စီထိန်းချုပ်ဆဲ ကျောက်ဖြူတွင် ထူပြောလာသည့် ရာဇဝတ်မှုများကို မထိန်းချုပ်နိုင်ဖြစ်လာ
ဆော်လမွန်ကျွန်းစုများနိုင်ငံနှင့် လုံခြုံရေးသဘောတူညီချက် လက်မှတ်ရေးထိုးလိုက်ပြီဟု တရုတ်ပြော
ကျယ်ပြန့်သည့် လုံခြုံရေးသဘောတူညီချက်တစ်ရပ်ကို ဆော်လမွန်ကျွန်းစုများနိုင်ငံနှင့် အပြီးသတ် လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ကြောင်း တရုတ်က အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။
21 Apr 2022

DMG ၊ ဧပြီ ၂၁
ကျယ်ပြန့်သည့် လုံခြုံရေးသဘောတူညီချက်တစ်ရပ်ကို ဆော်လမွန်ကျွန်းစုများနိုင်ငံနှင့် အပြီးသတ် လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ကြောင်း တရုတ်က အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။
ဘေဂျင်း၏ ထိုးဖောက်ဝင်ရောက်မှုများကို အဟန့်အတားဖြစ်စေရန် အမေရိကန် ထိပ်တန်းသံတမန်များ တောင်ပစိဖိတ်ဒေသသို့ ယခုသီတင်းပတ်အတွင်း သွားရောက်ရန်ရှိသလို ဝါရှင်တန်ကလည်း တရုတ်-ဆော်လမွန်ကျွန်းစုအကြား လုံခြုံရေးသဘောတူညီချက်ကို တားမြစ်အပြီး နောက်တစ်ရက်၌ တရုတ်ဘက်က ယခုကဲ့သို့ ထုတ်ဖော်ပြောကြားလိုက်ခြင်း ဖြစ်သည်။
“တရုတ်နဲ့ ဆော်လမွန်ကျွန်းစုများနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ဟာ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်မူဘောင်ကို မကြာသေးခင်ကပဲ တရားဝင် လက်မှတ်ရေးထိုးလိုက်ပါပြီ” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝမ်ဝန်ဘင်က သတင်းထောက်များအား အင်္ဂါနေ့တွင် ပြောကြားသည်။
သို့သော်လည်း မည်သည့်အချိန်က မည်သည့်နေရာတွင် လက်မှတ်ရေးထိုးခဲ့သည်ကိုမူ ပြောကြားခြင်း မရှိပေ။
ပြီးခဲ့သည့် မတ်လအတွင်းက ပေါက်ကြားခဲ့သည့် သဘောတူညီချက် မူကြမ်းတွင် ဆော်လမွန်ကျွန်းစု၌ တရုတ်၏ လုံခြုံရေးနှင့် ရေတပ်ဆိုင်ရာ တပ်ဖြန့်ရန် ခွင့်ပြုပေးသည့် ပြဋ္ဌာန်းချက်များ ပါဝင်နေမှုကြောင့် အနောက်အစိုးရများအကြား လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့ကြသည်။
သြစတြေးလျကလည်း ၎င်းတို့နှင့် မိုင် ၁၂၀၀ ထက်ပိုမဝေးသည့် ပစိဖိတ်ကျွန်းစု၌ တရုတ်စစ်တပ် အခြေချလာမည်ကို စိုးရိမ်မှုများ ပြသခဲ့သည်။
ဝမ်ဝန်ဘင်ကမူ အနောက်နိုင်ငံများအား သဘောတူစာချုပ်နှင့် ပတ်သက်၍ “ရည်ရွယ်ချက်ရှိရှိ ပုံကြီးချဲ့ထားသော တင်းမာမှုများ” ဖန်တီးနေသည်ဟု စွပ်စွဲပြောကြားသည်။
လုံခြုံရေးသဘောတူညီချက်တွင် အချုပ်အခြာအာဏာပိုင် လွတ်လပ်သော နှစ်နိုင်ငံအကြား ပုံမှန်ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး တစ်ရပ် ပါဝင်သည်ဟု ဝမ်ဝန်ဘင်က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။