- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
ကယ်လီဖိုးနီးယားတွင် ဖခင်တစ်ဦးက ကလေးသုံးဦးအား ပစ်သတ်ပြီးနောက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဖခင်တစ်ဦးသည် သူ၏ ကလေးသုံးဦးအား သေနတ်ဖြင့်ပစ်သတ်ပြီးနောက် ကိုယ့်ကိုယ်ကိုယ်ပါ အဆုံးစီရင်သွားကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
02 Mar 2022

DMG ၊ မတ်လ ၂
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဖခင်တစ်ဦးသည် သူ၏ ကလေးသုံးဦးအား သေနတ်ဖြင့်ပစ်သတ်ပြီးနောက် ကိုယ့်ကိုယ်ကိုယ်ပါ အဆုံးစီရင်သွားကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဆက်ကရာမင်တိုမြို့အနီးရှိ ဘုရားကျောင်းတစ်ခုတွင် ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်ရပ်အတွင်း ဖခင်၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသူ ကလေးငယ် သုံးဦးလုံးသည် အသက် ၁၅ နှစ်အောက် အရွယ်များဖြစ်ကြောင်း ဆက်ကရာမင်တို စီရင်စု ရဲဌာနမှ အရာရှိ ရော့ဂရက်စ်မန်းက သတင်းထောက်များအား ပြောကြားသည်။
“ဘုရားကျောင်းထဲမှာ ပစ်ခတ်မှုတစ်ခု ဖြစ်ပွားကြောင်း ဒီနေ့ညခင်း ၅ နာရီ ရ မိနစ်က ကျွန်တော်တို့ဆီ တယ်လီဖုန်းဆက်သွယ် အကြောင်းကြားမှုတစ်ခု လက်ခံရရှိခဲ့ပါတယ်” ဟု ဂရက်စ်မန်းက ပြောသည်။
“အမျိုးသားတစ်ဦး ကွျွန်တော်တို့ တွေ့ရှိထားပါတယ်။ ဖခင်တစ်ဦးဖြစ်ပြီး အသက် ၁၅ နှစ်အောက် သူ့ကလေးသုံးဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့သူပါ” ဟုလည်း သူက ပြောသည်။
ပစ်သတ်ခံရသူ ကလေးငယ်သုံးဦးမှာ အသက် ၉ နှစ်၊ ၁၀ နှစ်နှင့် ၁၃ နှစ်အရွယ် မိန်းကလေးငယ်များ ဖြစ်သည်။
အဆိုပါလေးဦးအပြင် သေဆုံးသူ နောက်တစ်ဦးကိုလည်း ထပ်မံတွေ့ရှိထားပြီး ယခုဖြစ်စဉ်နှင့် ဆက်စပ်မှု ရှိမရှိ မသိရသေးကြောင်းလည်း သူက ပြောသည်။
အမေရိကန်နိုင်ငံတစ်ဝန်းတွင် သေနတ်ပစ်ခတ်မှုကြောင့် လူအများအပြား သေဆုံးမှုများ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိသည်။
နိုင်ငံတစ်ဝန်းရှိ ပြည်သူအများစုက သာမန်ပြည်သူများ သေနတ်ကိုင်ဆောင်ခွင့်ကို ယခုထက်ပိုမို တင်းကြပ်ရန် လိုလားကြသော်လည်း လက်နက်ထိန်းချုပ်ရေး ကြိုးပမ်းမှုများသည် လျော့ရဲသော သေနတ်ထိန်းချုပ်ရေး ဥပဒေများ၊ သေနတ်ကိုင်ဆောင်ခွင့် ဘက်မှ ခုခံပြောကြားမှုများကြောင့် အရာမထင် ဖြစ်နေရကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။
“အဆင်အခြင်ကင်းမဲ့တဲ့ သေနတ်အကြမ်းဖက်မှု နောက်တစ်ခု အမေရိကမှာ တွေ့ရပြန်ပါပြီ။ ဒီတစ်ကြိမ်မှာတော့ ကိုယ့်ခြံဝင်းနောက်မှာ၊ ကလေးတွေရှိနေတဲ့ ဘုရားကျောင်းထဲမှာပါ။ တကယ့်ကို ယူကျုံးမရ ဖြစ်ရပါတယ်” ဟု ကယ်လီဖိုးနီးယားမြို့တော်ဝန် ဂယ်ဗင်နယူးဆန်က တွစ်တာပေါ်တွင် ရေးသားထားသည်။