- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
တရုတ်နိုင်ငံခြားရေးဝန်ကြီး အိန္ဒိယသို့ သွားမည်
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီသည် မတ်လ ၂၄ ရက် သောကြာနေ့တွင် နယူးဒေလီသို့ သွားရောက်မည်ဖြစ်ကြောင်း အိန္ဒိယအရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။
25 Mar 2022

DMG | မတ် ၂၅
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီသည် မတ်လ ၂၄ ရက် သောကြာနေ့တွင် နယူးဒေလီသို့ သွားရောက်မည်ဖြစ်ကြောင်း အိန္ဒိယအရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။
နှစ်နိုင်ငံ နယ်စပ်ပဋိပက္ခများ ဖြစ်ပွားပြီး ၂ နှစ်အကြာ လာရောက်မည့် အဆင့်မြင့်သံတမန်ခရီးစဉ်အား နှစ်ဘက်လုံးက တရားဝင် ထုတ်ဖော်ကြေညာထားခြင်း မရှိပေ။
ဝမ်ယီသည် ယခုသီတင်းပတ်အတွင်း ပါကစ္စတန်တွင် ကျင်းပလျက်ရှိသည့် အစ္စလာမစ်ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC) ကွန်ဖရင့်တစ်ခုကို တက်ရောက်နေပြီး တောင်အာရှခရီးစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် သောကြာနေ့တွင် နီပေါနိုင်ငံသို့လည်း သွားရောက်လည်ပတ်မည် ဖြစ်သည်။
ဝမ်ယီသည် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမာဉာဏ် ဂျိုက်ရှန်ကာ၊ နိုင်ငံတော်လုံခြုံရေးအကြံပေး အာဂျစ်ဒိုဗားတို့နှင့် တွေ့ဆုံမည်ဟု ယူဆရကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်က ရိုက်တာသို့ ပြောကြားသည်။
ဆွေးနွေးမည့်အကြောင်းအရာများကို တိတိပပ မသိရသော်လည်း ယူကရိန်းအရေးနှင့် ပတ်သက်၍ ဆွေးနွေးကြမည်ဟု ယူဆရကြောင်း သတင်းတွင် ဖော်ပြသည်။
ယခုသတင်းနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာနက မှတ်ချက်ပေးရန် ငြင်းဆိုသလို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးကလည်း လတ်တလောတွင် ပြောကြားရန်မရှိသေးကြောင်း ဗုဒ္ဓဟူးနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ရုရှားသည် စစ်အေးတိုက်ပွဲကာလ နောက်ပိုင်းတွင် တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံလုံးနှင့် သံတမန်ရေး စီးပွားရေးအရ နီးကပ်သော ဆက်ဆံရေး တည်ဆောက်ထားသည်။ တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံလုံးသည် ယူကရိန်းအပေါ် ရုရှား၏ကျူးကျော်စစ်နှင့် ပတ်သက်၍ ရှုတ်ချပြောဆိုထားခြင်း မရှိပေ။
၂၀၂၀ ခုနှစ် ဇွန်လက နှစ်နိုင်ငံနယ်စပ် ဟိမဝန္တာဒေသတွင် နှစ်ဘက်စစ်သားများ ပဋိပက္ခဖြစ်ပွားမှုကြောင်း အိန္ဒိယစစ်သား ၂၀ နှင့် တရုတ်စစ်သား လေးဦး သေဆုံးခဲ့ရပြီးနောက် တရုတ်-အိန္ဒိယဆက်ဆံရေးသည် တင်းမာနေခဲ့သည်။
ထိုအချိန်တည်းက အိန္ဒိယသည် နိုင်ငံတွင်း တရုတ်ကုမ္ပဏီများ လုပ်ငန်းလည်ပတ်ခွင့်ကို ကန့်သတ်ခဲ့သည်။