- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
ကီယက်ဗ်တစ်ဝိုက်တွင် တွေ့ရသည့် အလောင်းစုစုပေါင်း ၁၂၀၀ ကျော်ပြီဟု ယူကရိန်းပြော
ယူကရိန်းမြို့တော် ကီယက်ဗ်ဒေသတစ်ဝိုက်တွင် တွေ့ရသည့် အလောင်းအရေအတွက်သည် ၁၂၀၀ ကျော်နေပြီဖြစ်ကြောင်း ယူကရိန်းအာဏာပိုင်များက ဧပြီလ ၁၀ ရက်နေ့တွင် ပြောကြားလိုက်သည်။
19 Apr 2022

DMG ၊ ဧပြီ ၁၉
ယူကရိန်းမြို့တော် ကီယက်ဗ်ဒေသတစ်ဝိုက်တွင် တွေ့ရသည့် အလောင်းအရေအတွက်သည် ၁၂၀၀ ကျော်နေပြီဖြစ်ကြောင်း ယူကရိန်းအာဏာပိုင်များက ဧပြီလ ၁၀ ရက်နေ့တွင် ပြောကြားလိုက်သည်။
ရုရှားကျူးကျော်စစ် သီတင်း ၆ ပတ်အတွင်း သေကြေပျက်စီးမှု အကြီးအကျယ်ရင်ဆိုင်ခဲ့ရသည့် ယူကရိန်းနိုင်ငံသည် ပြီးခဲ့သည့် သီတင်းပတ်ရုံးပိတ်ရက်တွင်လည်း အပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှုများ ရင်ဆိုင်ခဲ့ရသဖြင့် သေဆုံးဒဏ်ရာရသူ အရေအတွက်မှာ မြင့်တက်လျက်ရှိသည်။
ယူကရိန်း၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် ခါကစ်မြို့ အရှေ့မြောက်ပိုင်းတွင် ဧပြီ ၁၀ ရက်နေ့က လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် လူနှစ်ဦး သေဆုံးခဲ့ရကြောင်း ဒေသအုပ်ချုပ်ရေးမှူး အိုလက်စီနီဂိုဘော့က ပြောကြားသည်။ ရှေ့တစ်ရက်ကလည်း မြို့တော် အရှေ့တောင်ပိုင်း၌ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်တစ်ဦး အပါအဝင် အရပ်သား ၁၀ ဦး သေဆုံးခဲ့သည်။
ယခုအချိန်အထိ ကီယက်ဗ်တစ်ဝိုက်တွင် အလောင်းစုစုပေါင်း ၁၂၂၂ အထိ တွေ့ရှိထားသည်ဟု ယူကရိန်းရှေ့နေချုပ် အိုင်ရီယာဗင်နီဒစ်တိုဗာက ပြောသည်။
ယူကရိန်းသည် ရုရှားသမ္မတ ဗလာဒီမာပူတင် အပါအဝင် ရုရှားအရာရှိ ၅၀၀ ကို စစ်ရာဇဝတ်မှု ထောင်ပေါင်းများစွာ ကျူးလွန်မှုဖြင့် တရားစွဲဆိုရန် စုံစမ်းလျက်ရှိကြောင်း ဗင်နီဒစ်တိုဗာက ပြောသည်။
အမေရိကန်ပြည်ထောင်စု အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆာလီဗန်ကလည်း သူ့အဆို “ဧရာမ ရက်စက်ကြမ်းကြုတ်မှုများ” အတွက် အမေရိကန်အနေဖြင့် “တာဝန်ယူမှု တာဝန်ခံမှု ရှိစေရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် လက်တွဲဆောင်ရွက်မည်” ဟု ပြောကြားသည်။
ယူကရိန်းတွင် ရုရှားတို့၏ ကျူးကျော်စစ်အတွင်း သေဆုံးသူ အရပ်သားအရေအတွက်သည် လက်ရှိအချိန်အထိ ၁၇၉၃ ဦးရှိကာ ဒဏ်ရာရသူမှာ ၂၄၃၉ ဦးရှိကြောင်း ကုလသမဂ္ဂက ဧပြီလ ၁၁ ရက်နေ့တွင် ပြောကြားသည်။
ပြီးခဲ့သော သောကြာနေ့ကလည်း ယူကရိန်းအရှေ့ပိုင်းတွင် လူထူထပ်သည့် ဘူတာရုံတစ်ခု၌ ဒုံးကျည်ကျရောက် ပေါက်ကွဲခဲ့သည့်အတွက် လူ ၅၇ ဦး သေဆုံးခဲ့သည်။